သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် China Harbour Engineering Co.,Ltd နှင့် Yunnan Baoshan Hengyi Industrial Group Co.,Ltd တို့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် China Harbour Engineering Co.,Ltd မှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr. Xu Huajiang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Yunnan Baoshan Hengyi Industrial Group Co.,Ltd မှ ဥက္ကဋ္ဌဖြစ်သူ Mr. Duan Zhikui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်တွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံအစိုးရနှင့်အတူ China Harbour Engineering Co., Ltd မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Yunnan Baoshan Hengyi Industrial Group Co.,Ltd မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် ဥက္ကဋ္ဌဖြစ်သူ Mr. Duan Zhikui နှင့် မြန်မာနိုင်ငံတွင် စွမ်းအင်လုပ်ငန်း၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး နှင့်ရေလုပ်ငန်း၊ ထောက်ပံ့ရေးကွင်းဆက်နှင့် E-commerce လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် အဆင့်မြင့် အရာရှိကြီးများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်‌ရောက်ကြကြောင်း သတင်းရရှိသည်။