သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimomura အား လက်ခံတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimomura အား ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

ထို့သို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNDP မှ ဆောင်ရွက်လျက်ရှိသော အသိုက်အဝန်း ပြန်လည် ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း တိုးမြှင့်ရေးလုပ်ငန်းစီမံချက် (Enabling Community Recovery and Resilience - ENCORE) ၏ တိုးချဲ့လုပ်ငန်းများအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံး ခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သတင်းရရှိသည်။