ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဟနွိုင်းမြို့အခြေစိုက် ၊ ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၂၈ ရက် (အင်္ဂါနေ့)၊ ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံခေါင်းဆောင်များ ၂၀၂၅ခုနှစ်၊ မတ်လအတွင်းတွေ့ဆုံစဉ် နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်စာတမ်းများအရ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ၏ အခြေအနေများကိုလည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ လဆန်းပိုင်းတွင် ကျင်းပခဲ့သည့် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ ဒုတိယအကြိမ်အစည်းအဝေး၏ ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အပါအဝင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသော စာချုပ်စာတမ်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်များနှင့်အဆင့်မြင့်အရာရှိများ၊ ဘယ်လာရုစ်သံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။