ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝါဝါမောင်သည် ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာ- ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ Mr. Choi Shin-iL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် ၁ ၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် မြန်မာ- ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာသုတေသနအဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့ကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ သမိုင်းကြောင်းအရ ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးသည့် နိုင်ငံများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းတံတား၊ လျှပ်စစ်မီးစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ကိုရီးယားနိုင်ငံမှ ODA ချေးငွေနှင့် အကူအညီအထောက်အပံ့များ ရရှိခဲ့ ပါကြောင်း၊ ကိုရီးယားနိုင်ငံ၏ ဆယ်မားအူးလ် အွန်ဒုန် (Saemaul Undong) စံပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းသည် မိမိတို့နိုင်ငံအတွက် လိုက်ပါဆောင်ရွက်နိုင်သည့် ပုံစံကောင်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိတ်ဆွေဟောင်းနိုင်ငံများနှင့်သာမက မိတ်ဆွေသစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ သည် ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၆ နှင့် ကုန်သွယ်မှုတွင် အဆင့် ၉ နေရာတွင်ရှိပါကြောင်း၊ ခရီးစဉ် အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် CMP အထည်ချုပ်လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိနေသဖြင့် ကိုရီးယားလုပ်ငန်းရှင်များ အသိုင်းအဝိုင်းလည်း ခိုင်မာစွာ တည်ရှိနေပြီဖြစ်ပါကြောင်း၊ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုအသစ်များကိုလည်း ဖိတ်ခေါ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းဖြစ်ပေါ်စေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာ - ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Choi Shin-iL က ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် စိတ်ဝင်စားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိမည့် အကျိုးကျေးဇူးများနှင့် ဥပဒေ၊ နည်းဥပဒေအရ ကူညီပံ့ပိုးပေးမည့် အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း စိတ်ဝင်စားပါကြောင်းနှင့် မကြာမီကာလတွင် ကိုရီးယားနိုင်ငံမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ အပါအဝင် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ယခုလာရောက်သည့် မြန်မာ- ကိုရီးယား စီးပွားရေးနှင် လုံခြုံရေးဆိုင်ရာသုတေသနအဖွဲ့ အစည်းတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း၊ Digital X-Ray Detector ထုတ်လုပ်သည့် လုပ်ငန်း၊ စက်ရုံးသုံးပန်ကာများ ထုတ်လုပ်သည့်လုပ်ငန်း၊ ဗို့အားမြှင့် ပါဝါ ဝါယာကြိုး ထုတ်လုပ် သည့်လုပ်ငန်း၊ ဆက်သွယ်ရေးကိရိယာနှင့် ကွန်ရက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ Screen-Golf လုပ်ငန်းနှင့် ဘိလပ်မြေထုတ်လုပ်သည့်လုပ်ငန်းစသည့် ကဏ္ဍများမှ ကုမ္ပဏီကိုယ်စားလှယ်များပါဝင် တက်ရောက်ကြောင်း သတင်းရရှိသည်။