ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Gwyn Lewis ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ ပိုမိုအကျိုးရှိထိရောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက် မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအပြင် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသော အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း ကော်မတီအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဦးစားပေးစီမံကိန်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆောင်ရွက်ဆဲလုပ်ငန်း အစီအစဉ် များအတွင်း ပေါင်းစည်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂယာယီ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးအား အဆိုပြု ညှိနှိုင်းခဲ့သည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ UNRCO ရုံးမှ ကိုယ်စားလှယ်တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။