အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီများနှင့်ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ယနေ့ ၁၃ ၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ နေပြည်တော်၌ ကျင်းပသည်။ အစည်း အဝေး သို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ စုစု ပေါင်း (၈၀) ဦးခန့် တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား မိတ်ဝတ်မပျက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်သည် အာဆီယံ အသိုက်အဝန်း ၂၀၂၅ အကောင် အထည်ဖော်မှု၏ နောက်ဆုံးနှစ်ဖြစ်သည့်အတွက် အေအီးစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု၊ မြန်မာနိုင်ငံက လိုက်ပါအကောင်အထည်ဖော်မှုအခြေအနေများနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ရန်၊ ၂၀၂၅ အလွန်တွင် ဆက်လက် ဆောင်ရွက်မည့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ နှင့် ယင်းအောက်မှ စီးပွားရေးမဏ္ဍိုင် အနေဖြင့် အကောင်အထည်ဖော်မည့် အေအီးစီမဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) တို့နှင့် စပ်လျဉ်းပြီး မျှဝေဆွေးနွေးနိုင်ရန်၊ စက်တင်ဘာလတွင်ကျင်းပပြီးစီးခဲ့သော အာဆီယံစီးပွားရေး ဆိုင်ရာ အစည်းအဝေးများ၏ ရလဒ်များနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများကို သိရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပထဝီနိုင်ငံရေး (Geopolitics) နှင့် ပထဝီစီးပွားရေး (Geoeconomics) ကဏ္ဍများတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ယင်းစိန်ခေါ်မှု သည် မြန်မာနိုင်ငံ အပါအဝင် အာဆီယံကို ရိုက်ခတ်မှုရှိကြောင်း၊ အာဆီယံအနေဖြင့် အမေရိကန် ပြည်ထောင်စု၏ အခွန်စည်းကြပ်မှုအစီအမံကဲ့သို့ ပထဝီစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုတုံ့ပြန်ရန် စုပေါင်းလုပ်ငန်း စဉ်အနေဖြင့် Geoeconomics Task Force (AGTF) ကို ဖွဲ့စည်းပြီး အကြံပြုချက်များ ရေးသား ပြုစုနေကြောင်း၊ အာဆီယံအနေဖြင့် စည်းမျဉ်းကိုအခြေခံသော ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုကို ထောက်ခံကြောင်းပြသရန် ဝန်ကြီးအဆင့်အထူးအစည်းအဝေး များကိုလည်း ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက အေအီးစီ ၂၀၂၅ (၂၀၁၆-၂၀၂၅) ကို ၂၀၁၆ ခုနှစ် ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ အကောင်အထည်ဖော်မှုစတင်စဉ်က အေအီးစီ လုပ်ငန်းစဉ် များသည် ၁၇၀၀ ကျော်သာရှိသော်လည်း ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကိုဗစ်ကဲ့သို့ မမျှော်မှန်းနိုင် သော ကိစ္စရပ်များ၊ စဉ်ဆက်မပြတ်ဖွံဖြိုးရေး၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်း စေသည့် စီးပွားရေးကဲ့သို့ အသစ်နှင့်ပေါ်ထွန်းဆဲကိစ္စရပ်များကို ထည့်သွင်းစဉ်းစားလာသည့်အတွက် လုပ်ငန်း စဉ်ပေါင်း ၃၈၀၀ ကျော်ထိတိုးမြင့်လာပါကြောင်း၊ လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ်များ၏ ၇၅ ရာခိုင်နှုန်းကျော်ကို အကောင် အထည်ဖော်ပြီးစီး၍ ယခုနှစ်အကုန်တွင် ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးရန် မျှော်မှန်းထားကြောင်း၊ ကျန်ရှိနေသောလုပ်ငန်းစဉ်များကို ၂၀၂၅ အလွန်တွင် ဆက်လက် အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက လက်မှတ် ရေးထိုးပြီးသည့် စာချုပ်များအကောင်အထည်ဖော်ရာ၌ ပြည်တွင်းလုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှု ရှိအောင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အာဆီယံအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အနာဂတ်ရည်မှန်းချက်အတွက် နောင်နှစ် (၂၀) အထိမျှော်မှန်း၍ အာဆီယံမျှော်မှန်းချက် ၂၀၄၅ ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အာဆီယံမျှော်မှန်းချက် ၂၀၄၅ ကို အကောင်အထည်ဖော်မည့် လုပ်ငန်း စဉ်များကို နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ အာဆီယံပေါင်းစပ် ဆက်နွယ်မှုမဏ္ဍိုင် အလိုက် ဆက်လက်ရေးဆွဲခဲ့ကြပါကြောင်း၊ အာဆီယံစီးပွားရေးမဏ္ဍိုင်သည် အာဆီယံမျှော်မှန်းချက် ၂၀၄၅ ၏ နှစ် ၂၀ Time Frame အောက်တွင် ၅ နှစ်တာ လုပ်ငန်းအစီအစဉ် ၄ ခုကို ရေးဆွဲချမှတ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အေအီးစီမဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ကို ၂၀၂၅ ခုနှစ် မေလတွင် ကျင်းပခဲ့တဲ့ (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးတွင် အတည်ပြုပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အလွန်တွင် ဆောင်ရွက်မည့် အေအီးစီ လုပ်ငန်းစဉ်များအား Stakeholder တွေအားလုံး မျှဝေဆွေးနွေးရန်ရှိကြောင်းနှင့် ယင်းအစီအစဉ် အတွက် ဘာသာရပ် ဆိုင်ရာဌာနများအနေဖြင့် ဝိုင်းဝန်းပံ့ပိုးစေလိုကြောင်း၊ အေအီးစီမဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်နိုင်ရေးစပ်လျဉ်းပြီး အေအီးစီလုပ်ငန်း စီမံချက် အသစ်ကို ဆက်လက်ရေးဆွဲရန်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်ဆိုင်ရာဌာနများအနေဖြင့် အေအီးစီ အကောင်အထည်ဖော်မှုတွင် မိမိတို့နိုင်ငံ နောက်ကျမကျန်စေရေးအတွက် တတ်အားသမျှ ပါဝင် အကောင်အထည်ဖော်ရန်၊ အကောင်အထည်ဖော်မှုဆိုင်ရာ စိန်ခေါ်မှုများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ ဌာနတစ်ခုနှင့်တစ်ခု ဆက်စပ်အကောင်အထည်ဖော်ရမည့်လုပ်ငန်း (Cross-cutting Issues) အတွက် ဘာသာရပ်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ကြရန်၊ သက်ဆိုင်သူများ အကြား ဆွေးနွေးနှီးနှောဖလှယ်မှုများ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံမျှော်မှန်းချက် ၂၀၄၅ နှင့် အေအီးစီမဟာ ဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ - ၂၀၃၀)နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိဖြစ်သူ ဒေါက်တာ မာလာမျိုးညွန့်က (၅၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးတို့၏ ဆွေးနွေးချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် လုပ်ငန်းကော်မတီများက လုပ်ငန်းကော်မတီအလိုက် ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီကို မြန်မာနိုင်ငံအနေဖြင့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၂၂) ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်းကော်မတီများ၏ ဥက္ကဋ္ဌများအဖြစ် ဒုတိယဝန်ကြီး နှင့် အမြဲတမ်းအတွင်းဝန် များကလည်းကောင်း၊ အတွင်းရေးမှူးများအဖြစ် ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း၊ ဘာသာရပ်ဆိုင်ရာဌာနများက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက် လျက်ရှိသည်။