ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးနှင့် ဘယ်လာရုစ် နိုင်ငံတကာစက်မှုပြပွဲ (International Industrial Exhibition “INNOPROM. Belarus”) သို့ တက်ရောက်ခဲ့သည်။
မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝါဝါမောင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ မက်ဆင်း ရူဇန်ကော့ဗ်တို့က ဦးဆောင်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ မတ်လအတွင်းတွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးခဲ့သည့် စာချုပ်စာတမ်းများ အကောင်အထည်ဖော်ရေးကိစ္စရပ်များကိုလည်းကောင်း၊ လက်မှတ်ရေးထိုးပြီးဖြစ်သည့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာကို အခြေခံ၍ရေးဆွဲလျက်ရှိသည့် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အပြီးသတ်ရေးဆွဲရေး ကိစ္စရပ်များကို လည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် အဆိုပါစာချုပ် စာတမ်းများနှင့် လမ်းပြမြေပုံတို့တွင် ပါဝင်သည့်ကဏ္ဍများဖြစ်သော စက်မှု၊ စိုက်ပျိုးရေးနှင့် အစားအစာ၊ ကျန်းမာရေးနှင့် ဆေးဝါး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာများနှင့် အခွင့်အလမ်းများကို ကဏ္ဍအလိုက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုအပြီးတွင် ပူးတွဲဥက္ကဋ္ဌများက ဒုတိယအကြိမ် ပူးတွဲကော်မတီ အစည်းအဝေး၏ ဆွေးနွေးမှုမှတ်တမ်းကို အတည်ပြုလဲလှယ်ခဲ့ကြပြီး ကော်မတီအစည်းအဝေးကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပသည့် ကုန်သွယ်ရေးပြပွဲအစီအစဉ်၊ မျက်နှာစုံညီအစည်းအဝေးနှင့် အထူး ဧည့်သည်တော်များအား ဧည့်ခံပွဲတို့သို့တက်ရောက်ခဲ့သည်။ မျက်နှာစုံညီအစည်းအဝေးသို့ ဘယ်လာရုစ်၊ ရုရှား၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ်စတန်နှင့် တာဂျစ် ကစ်စတန်နိုင်ငံတို့မှ ဝန်ကြီးချုပ်များတက်ရောက်၍ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိသော နည်းပညာများနှင့် ထုတ်ကုန်များကို ပို့ကုန်မောင်းနှင်အားအဖြစ် အထောက်အကူပြုနိုင်သည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာအသစ်များ၏ မဟာမိတ်များအတွက် မဟာဗျူဟာမြောက် ဦးတည်ချက်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ကြသည်။ မျက်နှာစုံညီအစည်းအဝေးသို့ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များမှ အစိုးရအဖွဲ့အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းများမှ ထိပ်တန်းစီးပွားရေး အမှုဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ် နိုင်ငံ တကာစက်မှုပြပွဲသို့ တက်ရောက်၍ ဘယ်လာရုစ်နိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ နည်းပညာမြင့်ထုတ်ကုန်များ၊ ခေတ်မီနည်းပညာများနှင့် စက်ယန္တရားများ ခင်းကျင်းပြသမှုူများကို လေ့လာကြည့်ရှု၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မင့်စ်မြို့သို့ ရောက်ရှိနေစဉ်ကာလအတွင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ အလီယက်စန်ဒါ ခါဂျာရက်ဗ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဒန်းနစ် ဘာခေ နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား စက်မှုနှင့် လယ်ယာကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း သီးခြားစီဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မင့်စ်မြို့ရှိ နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံသို့ သွားရောက်၍ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု၊ အရည်အသွေးထိန်းသိမ်းမှုနှင့် ဘေးကင်းလုံခြုံရေး စီမံဆောင်ရွက်မှု များကိုလည်းကောင်း၊ မင့်စ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ မော်တော်ယာဉ်၊ လူနာတင်ကားများ၊ ရွေ့လျား ဆေးကုသသည့်မော်တော်ယာဉ်များ၊ မီးသတ်ကားများ ထုတ်လုပ်နေမှု များနှင့် အရည်အသွေးစမ်းသပ်စစ်ဆေးမှုများကိုလည်းကောင်း လေ့လာကြည့်ရှုခဲ့ရာ စက်ရုံအသီး သီးမှ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်လမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အလားတူ မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ကော်မတီ၏ မြန်မာဘက်မှ ကော်မတီအဖွဲ့ဝင်များသည် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက် ဆွေးနွေးမှုများနှင့် လေ့လာမှုများကို ဆောင်ရွက်ခဲ့ကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် အစားအစာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍ ဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို တွဲဖက်ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်၍ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံ သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်သည် Advin CJSC စက်ရုံနှင့် Belmedpreparaty ဆေးဝါးထုတ်လုပ်သည့် စက်ရုံတို့သို့ သွားရောက်၍ စက်ပစ္စည်း ပုံရိပ်ဖော်စက်များ၏ နည်းပညာဆန်းသစ်ထုတ်လုပ်မှုများနှင့် ဆေးဝါးထုတ်လုပ်နေမှုများကို လေ့လာခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ အမျိုးသားဘဏ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခြင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များသည် ဘယ်လာရုစ် ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခြင်းတို့ကို အသီးသီး ဆောင်ရွက်ခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးနှင့် ဘယ်လာရုစ် နိုင်ငံတကာစက်မှုပြပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။