မိန့်ခွန်းများ

ယနေ့ကျင်းပတဲ့ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးမှု မြှင့်တင်ရေးအသင်း ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲသို့ ကြွရောက်လာကြတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ စေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ကျွန်တော့်အနေနဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှု ပိုမိုခိုင်မာစေရန် ရည်ရွယ် ကျင်းပတဲ့ပွဲကို တက်ရောက်ပြီး အမှာစကား ပြောခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ဒီပွဲ ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းနဲ့ မြန်မာ-တရုတ် ကုန်သည်အသင်းတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလို ပါတယ်။

ယခုကဲ့သို့ ဆွေမျိုးပေါက်ဖော်များနဲ့ နွေးနွေးထွေးထွေး အတူတကွ ဆုံဆည်းခွင့်ရတာ “Gather Together, Win the Future” ဆိုတဲ့ ဒီဆွေးနွေးပွဲရဲ့ ဆောင်ပုဒ် အတိုင်း မြန်မာ - တရုတ် နှစ်ဦး နှစ်ဖက် အကျိုးများမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုတို့ကို ဖော်ဆောင်ပေးရန် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့တဲ့ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း၏ ပံ့ပိုးကူညီမှု များဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ လာစေမှာ ဖြစ်ပါတယ်။ 

ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ ဧည့်သည်တော်များခင်ဗျား


၂၀၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ကမ္ဗည်းမော်ကွန်း တင်နိုင်ခဲ့တဲ့ တရုတ် - မြန်မာ စီးပွားရေး စင်္ကြံပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့်အညီ တရုတ် - မြန်မာ စီးပွားရေး ဆထက်ထမ်းပိုး တိုးတက်ရန် ရည်မှန်းချက်များ အောင်မြင်ဖို့ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါတယ်။

နားလည်မှုစာချွန်လွှာအရ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ စီးပွားရေး ဇုန်ထူထောင်ရေး၊ ရေအရင်းအမြစ်၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေး၊ သိပ္ပံနှင့် နည်းပညာ၊ စီမံကိန်းရေးဆွဲရေးနှင့်  လေ့ကျင့်သင်ကြားရေးစတဲ့ ကဏ္ဍစုံမှာ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ဦးစွာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို အနည်းငယ် ပြောကြားလို ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၁၉  ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိခြင်း၊ အစိုးရရဲ့ အပြုသဘောဆောင်တဲ့ စီးပွားရေး မူဝါဒရေးရာပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ဆက်လက် မြင့်မားနေမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် GDP ၆.၆% နဲ့ ၂၀၂၀ ပြည့်နှစ်မှာ GDP ၆.၈% ခန့် ရှိမယ်လို့ ခန့်မှန်းရကြောင်း ဖော်ပြထားပါတယ်။ ဒီအခြေအနေကြောင့် မြန်မာနိုင်ငံ ဟာ ရင်းနှီးမြှုပ်နှံဖို့ အတွက် နေရာကောင်းတစ်ခုဖြစ်တယ်ဆိုတာကို ဖော်ညွှန်းလျက်ရှိပါတယ်။ 

ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ ဧည့်သည်တော်များခင်ဗျား

ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်၊ ပြည်သူနဲ့ ရင်းနှီးမြှုပ်နှံသူတို့ သုံးဦး သုံးဖလှယ် အကျိုးရှိ နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ပေါ်ပေါက်လာအောင် ဆောင်ရွက်လျက်ရှိပါတယ်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် ဆိုင်သည့် ဥပဒေ မူဘောင် Legal Framework ပြောင်းလဲခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း - Administrative Procedure များပြောင်းလဲခြင်းအပြင် ကုမ္ပဏီများမှတ်ပုံတင်ရာတွင်  အင်တာနက်မှတဆင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူရဲ့ ယုံကြည်စိတ်ချမှု ပိုမိုရရှိလာမှာဖြစ်ပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုတိုးတက်စေရေးအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ လက်ရှိလုပ်ထုံး လုပ်နည်းများကို ပိုမိုလွယ်ကူစေရန် Standard Operating Procedure အသစ်များ ပေါ်ထွန်းရန် ဆောင်ရွက်လျက်ရှိပါတယ်။ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုများ ပေးနိုင်ပြီး Online စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်။

ဒါပေမယ့် စိန်ခေါ်မှုများကတော့ ရှိနေသေးပါတယ်။ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု နည်းခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေပါတယ်။ အာရှဖွံ့ဖြိုး ရေးဘဏ်က  မြန်မာနိုင်ငံ အနေနဲ့ ၂၀၃၀ ခုနှစ် မတိုင်မီ အခြေခံ အဆောက်အအုံ  ဖြည့်ဆည်းရန် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံ လိုအပ်မယ်လို့ သုံးသပ်ထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုများသည်ပင် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးဟာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက် မှုမှာ အဓိကမဏ္ဍိုင် တစ်ရပ် လည်း ဖြစ်ပါတယ်။

မိမိတို့အနေနဲ့“မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း” Myanmar Sustainable Development Plan နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတို့မှာ ဖော်ပြထားတဲ့အတိုင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေတဲ့ နိုင်ငံသားများ အတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု quality investment ကို အားပေး ဖိတ်ခေါ်လျက်ရှိပါ တယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ ဧည့်သည်တော်များခင်ဗျား

မြန်မာနိုင်ငံဟာ တည်နေရာ အနေအထားအရ အချက်အခြာ ကျတဲ့ နေရာမှာ တည်ရှိရုံမက သဘာဝ သယံဇာတနဲ့ လူသားအရင်းအမြစ်လည်း ပေါကြွယ်ဝပါတယ်။ အစိုးရအနေနဲ့လည်း  စီးပွားရေး ဝန်းကျင်ပိုမိုကောင်းမွန် တိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့ရဲ့ ဆက်ဆံရေးဟာ အထူးကောင်းမွန်တဲ့အပြင် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ဆောင်နိုင်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မြဲလာမှာ ဖြစ်ပါတယ်။ မိမိတို့ ရည်မှန်းချက်များကို ဆွတ်ခူးနိုင်ရန် လက်တွဲ ဆောင်ရွက်မယ့်သူများကတော့ စီးပွားရေးသံတမန်များလို့ တင်စားရမယ့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပဲ ဖြစ်ပါတယ်။

မြန်မာစကားပုံတစ်ခုဖြစ်တဲ့ “ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း” ဆို သကဲ့သို့ တရုတ် မိတ်ဆွေ များဟာ ဆွေမျိုးပေါက်ဖော်များ ဖြစ်ပါတယ်။ 

တရုတ်စကားပုံမှာလည်း “မိတ်ဆွေစစ်နဲ့ဆိုလျှင် ရေအတူ သောက်လျှင်တောင် ချို” ဆိုသကဲ့သို့ ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုင်းက ကောင်းမွန်မှုရှိနေမှာ အမှန်တကယ် ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ကြပါ။ ယုံယုံကြည်ကြည် ရင်းနှီးမြှုပ်နှံပါလို့ ဖိတ်ခေါ် လိုပါတယ်။  ကျွန်တော်တို့ အနေနဲ့ ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေချောမွေ့စေရန် ပံ့ပိုး ဆောင်ရွက်ပေး သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။