မိန့်ခွန်းများ

ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား

  • မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းနှင့် ယနေ့ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်က ကြိုဆိုပါကြောင်း ပြောကြားလို ပါတယ်။ 
  • ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖော်ထုတ်ဖို့ ဒီကနေ့ပွဲကို လူဦးရေ (၁၂၀၀) ခန့် တက်ရောက်လာကြတာ တွေ့ရှိရတဲ့အတွက် ကျွန်တော့် အနေနဲ့ ဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ပထမဦးစွာ ဒီနေ့ ဖိုရမ်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်တဲ့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ 
  • ဒါ့အပြင် ယခုလို စည်ကားသိုက်မြိုက်လှတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပနိုင်ရေး အတွက် အဖက်ဖက်မှ အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလို ပါတယ်။
  • ယခုနှစ်ဖိုရမ် ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Myanmar Investors Development Association (MIDA) ကိုလည်း ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိ ပါကြောင်းနဲ့ မိတ်ဖက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တဲ့ PricewaterhouseCoopers ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်က ရန်ကုန်တိုင်းဒေသကြီးရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း အသစ် အများအပြားကို မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
  • ဒီကနေ့ဖိုရမ်တွင် ကဏ္ဍအသီးသီးရှိ အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များမှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်း များစွာကို ဖော်ထုတ်ပြပြီး ၎င်းတို့ရဲ့ အတွေ့အကြုံများနဲ့ လက်တွေ့ဗဟုသုတများကို   မျှဝေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 
  • ရင်းနှီးမြှုပ်နှံမှုနဲ့ စပ်လျဉ်းတဲ့ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို Presentation နှင့် စကားဝိုင်း ဆွေးနွေးပွဲတို့က တစ်ဆင့် ကျွန်တော်တို့ရဲ့ speakers များက ရှင်းလင်းတင်ပြပေးမှာ ဖြစ်ပါတယ်။ 
  • အရေးကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ အစိုးရ အဖွဲ့အစည်းများနဲ့ အလား အလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက် ဆက်သွယ်မှုတွေ ပိုမို ပြုလုပ် နိုင်ဖို့အတွက် ဒီကနေ့ပွဲက ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့် ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ဒီနေ့ အခမ်းအနားမှာ ကျားမ အားလုံးရဲ့ အသံကို ညီတူမျှတူ နားစွင့်ခွင့်ရမှာ ဖြစ်တဲ့ အတွက် ကျွန်တော့်အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ အဆိုပါ အချက်က အမျိုးသမီးများဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကိစ္စ တော်တော်များများမှာ ဦးဆောင်ပြီး ရှေ့တန်းကနေ ပါဝင် ဆောင်ရွက်နေတယ်ဆိုတဲ့ အချက်ကို သက်သေခံနေတာပဲ ဖြစ်ပါတယ်။ 
  • ကျွန်တော့်အနေနဲ့ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နဲ့ ပါဝင်ကူညီပေးမှုတွေကို  ပြောကြားခဲ့တာဆိုရင် ပထမဆုံး မဟုတ်ပေမယ့် ၎င်းတို့အား  အစိုးရ ကဏ္ဍ (သို့မဟုတ်) စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့်ပေးခြင်းဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်ရုံသာမဟုတ်ဘဲ ကောင်းမွန်တဲ့ စီးပွားရေး ကို ဖော်ဆောင်ရာမှာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။  
  • ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ စီးပွားရေး လုပ်ငန်းရှင်အမြောက်အများကို ကျွန်တော့် အနေနဲ့ ယခုဖိုရမ်မှာကဲ့သို့ ပိုမို တွေ့မြင်လိုပါတယ်။ ယခင်ကျင်းပခဲ့တဲ့ Entrepreneurs Summit မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသွားခဲ့တဲ့ အတိုင်း “ကျွန်တော်တို့ရဲ့ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင် များဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်းနှင်အားတွေ”  ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ အသံ တွေကို  လုပ်ငန်းရှင်ကြီးများကလည်း နားစွင့်ခွင့်ရမှာပဲ ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ဆက်လက်ပြီး ကျွန်တော့်အနေနဲ့ ဘာကြောင့် ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံသင့်လဲ ဆိုတာကို ​ပြောကြားလိုပါတယ်။
  • ကျွန်တော်တို့ရဲ့ နိုင်ငံရေး အကူးအပြောင်း စတင်တဲ့ အချိန်ကစပြီး နှစ်အလိုက် ဂျီဒီပီ တိုးတက်မှုနှုန်းက ပျမ်းမျှ ၇.၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဒေသတွင်းသာမက ကမ္ဘာ့အဆင့်တွင်ပါ စီးပွားရေး တိုးတက်မှု အလျှင်မြန်ဆုံး နိုင်ငံတစ်နိုင်ငံ အနေနဲ့ ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ 
  • နိုင်ငံရဲ့ ဂျီဒီပီမှာ ၂၄ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး နှစ်စဉ် ၉.၂ ရာခိုင်နှုန်းခန့် တိုးတက်နေတဲ့ စီးပွားရေး ဗဟို ဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ ဒီတိုးတက်မှုရဲ့ အဓိက မောင်းနှင်သူပဲ ဖြစ်ပါတယ်။ 
  • ရန်ကုန်တိုင်းဒေသကြီးဟာ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခုအနက် အသေးဆုံး တိုင်းဒေသကြီး ဖြစ်ပေမယ့် လူဦးရေ (၇) သန်းကျော် နေထိုင်တဲ့ တိုင်းဒေသကြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ ၂၀၃၀ ခုနှစ်မှာ လူဦးရေ ၁၀ သန်း​ကျော် အထိ တိုးတက် လာနိုင်တယ်လို့ ခန့်မှန်းထားတာပဲ ဖြစ်ပါတယ်။ 
  • ယဉ်​ကျေးမှု အမွေအနှစ်တွေနဲ့ သမိုင်းအမွေတွေ မြောက်များစွာ တည်ရှိနေတဲ့ ရန်ကုန်မြို့တော်ဟာ  လူငယ်ပညာတတ်အများဆုံး တည်ရှိရာ တိုင်းဒေသကြီးလည်း ဖြစ်ပါတယ်။  
  • ရန်ကုန်မြို့တော်ဟာ အသစ်တည်ထောင်ထားတဲ့ ရန်ကုန် စတော့ အိတ်ချိန်း အပါအဝင် ဘဏ္ဍာရေးလုပ်ငန်း နှင့် မြန်မာနိုင်ငံရဲ့ အဓိက ဘဏ်များအားလုံး တည်ရှိရာ ဘဏ္ဍာရေးဗဟိုဌာနလည်း ဖြစ်ပါတယ်။
  • ရန်ကုန်က မြန်မာနိုင်ငံရဲ့ အကြီးဆုံး လေကြောင်း ဆက်သွယ်ရေး၊ မီးရထားနဲ့ ပင်လယ်ဆိပ်ကမ်းတွေ ရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ သွင်းကုန်များအတွက် အဓိက ဝင်ပေါက်တစ်ခုဖြစ်တဲ့အတွက် ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုရပ်ဝန်း တစ်ခုလည်းဖြစ်ပြီး နိုင်ငံ့ ကုန်သွယ်မှု၏ ၈၅ ရာခိုင်နှုန်း နီးပါး ပါဝင်နေတာလည်း ဖြစ်ပါတယ်။
  • နိုင်ငံတစ်ဝှမ်းတည်ထောင်ထားတဲ့ အထူးစီးပွားရေးဇုန် (၃)ခု အနက် အကြီးဆုံးဖြစ်တဲ့ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် အဓိက အခြေခံ အဆောက်အအုံများစွာနဲ့ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ တည်ရှိရာ နေရာသကဲ့သို့ စက်မှုဇုန် ၂၉ ခု တည်ရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ 
  •  ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တဲ့ ရေယာဉ်စုစုပေါင်းဟာ (၂၂၆၇) သို့ တိုးတက်လာခဲ့ပြီး အဆိုပါ တိုးတက်မှုဟာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ ၁၃ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ 
  • ဒီအချက်တွေက ယနေ့ရန်ကုန်ဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှှှှံနိုင်တဲ့နေရာဆိုတာကို  သက်သေတည်လျက်ရှိနေပါတယ်။ 

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • တကယ်တော့ “မဆွတ်ခင်က ညွှတ်ချင်”ဆိုတဲ့ မြန်မာ စကားပုံတစ်ခုရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ၎င်းစကားပုံကဲ့သို့ပင် ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ လွယ်ကူစွာ လုပ်ငန်းဆောင်ရွက်နိုင်ရန် တန်းတူပါဝင်နိုင်မှုကို သေချာအောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
  • စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကိုလည်း နည်းပါးစေဖို့ ကျွန်တော်တို့အနေနဲ့ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အလားတူ မြန်မာ့ဈေးကွက်ကို ဝင်ရောက်ကြမယ့် ရင်းနှီးမြှုပ်နှံသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ​လျှော့ချဖို့ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
  • လုပ်သာကိုင်သာရှိသော ကြိုတင်ခန့်မှန်းနိုင်သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရန်အတွက် ပါဝင်ပတ်သက်သူအားလုံးနှင့် အတူတကွ ပွင့်လင်းစွာ လုပ်ဆောင်နိုင်ဖို့ အစိုးရအနေနဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိနေပါတယ်။ 

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ဒီကနေ့ အခမ်းအနားမှာ ရင်းနှီးမြှုပ်နှံသူတွေကြုံတွေ့ရတဲ့ အခက်အခဲတွေကို ​လျှော့ချဖို့အတွက် အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော့်အနေနဲ့ အနည်းငယ် ပြောကြားလိုပါတယ်။ 
  • ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
  • ကျွန်တော်တို့ အစိုးရဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း (MIPP) ကိုလည်း မနှစ်က မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ MIPP ရဲ့ ရေရှည် မျှော်မှန်းချက်ကတော့ “တာဝန်ယူမှု ရှိပြီး အရည်အသွေး ရှိသည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းမှ မျှတပြီး ကြွယ်ဝသည့် လူမှု့အသိုက်အဝန်းတစ်ရပ် ဖန်တီးရန်နှင့် တွန်းအားပေး လည်ပတ်သည့် မြန်မာ့ ဖွံ့ဖြိုး တိုးတက်မှု ရရှိစေဖို့” ပဲ ဖြစ်ပါတယ်။ 
  • တစ်ချိန်တည်းမှာပဲ အစိုးရက “မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) လို့ခေါ်တဲ့ ပြီးပြည့်စုံတဲ့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တစ်ခု ကိုလည်း မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ စီမံကိန်းက နောင် အနာဂတ် ပြုပြင်​ပြောင်းလဲမှုများ အားလုံးအတွက် စည်းလုံးပြီး သင့်​လျော်တဲ့ လမ်းပြမြေပုံတစ်ခုကို ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ 
  • MSDP က အသေးစိတ်ရေးဆွဲထားတဲ့ မဟာဗျူဟာမြောက်စီမံကိန်း တစ်ခု ဖြစ်ပြီး ဦးစားပေးကဏ္ဍ၊ အစီအစဉ် ချမှတ်ခြင်း၊ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ကဏ္ဍအားလုံးတွင် ရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးတွင် ဆောင်ရွက်ရာမှာ ထောက်ပံ့ ကူညီပေးမှာ  ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ရင်းနှီးမြှုပ်နှံမှုများနဲ့ ရင်းနှီးမြှုပ်နှံသူအားလုံးအတွက် ပိုမို လွယ်ကူချောမွေ့စေဖို့၊ အကာ အကွယ်ပေးဖို့နဲ့ ဖြေလျှော့ပေးဖို့အတွက် ကျွန်တော်တို့အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းစည်း၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ခုတည်းအဖြစ် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်က ပိုမို ပွင့်လင်းမြင်သာမှု၊ ပိုမို​ဖြေလျော့ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံသူ အားလုံးနဲ့ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမို အကာအကွယ်ပေးခြင်းတို့ကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 
  • ဒါ့အပြင် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေက ကုမ္ပဏီမှတ်ပုံတင်ဖို့ လိုအပ်တဲ့ အဆင့်တွေကို ​လျော့ချပေးခဲ့ပြီး မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်ဖို့ ဆန္ဒရှိတဲ့ ကုမ္ပဏီများအတွက် ပိုမို ​ဖြေလျော့မှုတွေကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ကော်ပိုရိတ်စည်းမျဉ်းများနှင့် ပတ်သက်ပြီး ပိုမို အားကောင်းတဲ့ သေချာရေရာမှုကို ခွင့်ပြုထားပြီးတော့ ကုမ္ပဏီ အတွင်း ကော်ပိုရိတ် ရေးရာများ  စီမံခန့်ခွဲရာမှာလည်း ပိုမိုခိုင်မာတဲ့ အုပ်ချုပ်ခွင့်ကို ခွင့်ပြု ထားပါတယ်။ 

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • MyCO လို့ သိကြတဲ့ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ်ကိုလည်း တည်ထောင်ထားပြီး ဖြစ်လို့ ကုမ္ပဏီတွေ အားလုံးက အင်တာနက်ကနေတစ်ဆင့် လွယ်ကူစွာ ဖွဲ့စည်း တည်ထောင်နိုင်ပြီ ဖြစ်ပါတယ်။  ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု ​လျှောက်ထားခြင်း အဆင့်အများစုကိုလည်း ဒီဂျစ်တယ် စနစ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ 
  • ဒါ့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက သဘောတူထားတဲ့ လုပ်ငန်း လည်ပတ် ဆောင်ရွက်မှု စံသတ်မှတ်ချက် (Standard Operation Procedures -SOP) အပေါ်မှာ မူတည်၍ ရင်းနှီးမြှုပ်နှံမှု လွယ်ကူ​ချောမွေ့စေခြင်း အတွက် “single-window system” ကိုလည်း တည်ထောင်ဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။ 

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ရင်းနှီးမြှုပ်နှံမှု မြှင့်တင်‌ရေး ဆောင်ရွက်ချက်များနှင့် ပြုပြင်​ပြောင်းလဲရေး  အသစ်များ ကို ဦးဆောင်ဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စုဝန်ကြီးဌာန အသစ် ဖြစ်တဲ့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန အနေဖြင့် ခြေလှမ်းအသစ် များဖြင့် ရှေ့ဆက် ချီတက်သွားမှာ ဖြစ်ပါတယ်။ 
  • ဝန်ကြီးဌာနအသစ်အား ဦးဆောင်သူအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ပြင်ပ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ 
  • လူကြီးမင်းများ သိရှိထားတဲ့အတိုင်း ပြည်တွင်း/ပြည်ပမှ စိန်ခေါ်မှုများ ရှိနေ သော်လည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်အတွက်  ပြုပြင် ပြောင်းလဲမှု များစွာကို လွန်ခဲ့သောနှစ်များအတွင်း ဖော်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။
  • သို့သော်လည်း အဆိုပါအပြောင်းအလဲများဟာ ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူများကို စစ်မှန်တဲ့ အကျိုးရလဒ်များသာ မဖော်ဆောင်နိုင်ပေးနိုင်ခဲ့ပါက မြန်မာ့ ဆိုရိုး စကားအရ ပြောရလျှင် “ကျွဲပါးစောင်းတီး” သကဲ့သို့ ဖြစ်နေမည်သာဖြစ်ပြီး အဆိုပါ အားထုတ်မှုများမှ မည်သည့်ရလဒ်မှ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ထို့အတူ အပြောင်းအလဲကို ဖော်ဆောင်သည်ဟု ပြောရုံမျှနှင့် ပြောင်းလဲမည် ဆိုပါက ပြုပြင်ပြောင်းလဲမှုဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါဘူး။
  • ဒါ​ကြောင့် စီးပွားရေးအသိုက်အဝန်း၏ လိုအပ်ချက်နှင့် ဆောင်ရွက်ချက်များကို ပိုမို သိရှိနားလည်ရေးအတွက် ကျွန်တော့်အနေနဲ့ စီးပွားရေးအသိုက်အဝန်းက အသံ တွေကို ဆက်လက်ပြီး အလေးအနက်နားထောင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်ရေးအတွက် အမြဲ ဉီးထိပ်ထား ဆောင်ရွက်သွားပါမယ်။ 
  • အဆိုပါ ဦးဆောင်ဦးရွက်ပြုမှုများမှ ဥပမာအချုပ် ထုတ်နုတ်ပြပါရစေ-

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • အားလုံးပါဝင်နိုင်သောစီးပွားရေးလုပ်ငန်းများဟာ နွမ်းပါးသူများ၊ ကုမ္ပဏီများနှင့် အစိုးရ စသော သုံးဦးသုံးဖလှယ် အကျိုးရှိမှုကို ဖော်ဆောင်ပေးပါတယ်။ ဒါ့အပြင် DaNa Facility  ၏ ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အားလုံးပါဝင်သော စီးပွားရေး ဝန်းကျင် ဖော်ဆောင်ပေးခြင်း၊ အဆိုပါ လုပ်ဆောင်မှုများအား မြှင့်တင်ပေးခြင်းနှင့် လမ်းညွှန်ဦးဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် “အများနှင့် အကျုံးဝင်သော စီးပွားရေး လုပ်ငန်းများနှင့် လူမှုရေး အကျိုးရည်မျှော် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေး အဖွဲ့ (Inclusive Business Steering Group)” ကို ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
  • ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် စီးပွားရေး စတင်ဆောင်ရွက်မှု လွယ်ကူ ခြင်း ညွှန်းကိန်း (Ease of Doing Business Ranking) တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့များအနေဖြင့်လည်း ဦးတည်ချက်မြင့်မြင့်မားမားထား၍ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရည်မှန်းချက်များအနက် တစ်ခုမှာ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ညွှန်းကိန်း အဆင့်သတ်မှတ်ချက်ကို ထိပ်တန်းနိုင်ငံ ၁၀၀ အတွင်းဝင်ရန် ဦးတည်ထားပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

  • ၂၀၁၁ ခုနှစ်မှ စတင်ခဲ့ရသည့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးခရီးရှည်ကြီးမှစ၍ ကျွန်တော်တို့ ရရှိခဲ့သည့် အောင်မြင်မှုကို ပြန်လည်ကြည့်မည်ဆိုပါက စီးပွားရေး ပြုပြင်ဆောင်ရွက်မှုများသည် အရှိန်ကောင်းစွာဖြင့် လည်ပတ်နေပြီဖြစ်ပါတယ်။ အမှန်စင်စစ် မြန်မာနိုင်ငံ၏ အနာဂတ် လူမှုစီးပွားရေး တိုးတက်မှုများနှင့် ဖွံ့ဖြိုး တိုးတက်မှု အလားအလာများ ဆက်လက်ဖော်ဆောင်နေမှုများသည် သမိုင်းကြောင်း အရ ရှေးထုံးတမ်းအစဉ်အလာအရမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းသော ခရီးလမ်း ဖောက်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။
  • ယခုဖိုရမ်နှင့် အလားတူ ဖိုရမ်များသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး စစ်မှန်သော ယုံကြည်စိတ်ချရဆုံး စီးပွားရေး တိုးတက်မှုယန္တရားတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးကို ဖော်ဆောင်ပေးနိုင်ရန်လည်း မျှော်မှန်းမိပါတယ်။ 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။