ဆောင်းပါးများ

ဆောင်းပါးများ

ကျွန်တော်နဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်တို့နိုင်ငံမှာ အစိုးရအသစ်က ဘဏ္ဍာရေးနှစ် တစ်နှစ်ကို ပြောင်းလဲပြုပြင်ခဲ့ပါတယ်။ ယခင်က ဧပြီလ ၁ ရက်နေ့မှစပြီး မတ်လ ၃၁ ရက်နေ့အစား အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဘဏ္ဍာနှစ်အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ နှစ်ချုပ်စာရင်းတွေကို စက်တင်ဘာလ ၃၀ ရက်နေ့အမီ ပြုစုကြပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် စက်တင်ဘာလ ၃၀ ရက်နေ့မှာ တစ်နှစ်ပတ်လုံး ကြိုးပမ်း အားထုတ်မှုတွေကို စာရင်းပိတ်ရပါတယ်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေအားလုံးအနေနဲ့ သတ်မှတ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်တွေ ပြည့်မီမှု ရှိ မရှိကို အလေးထားခဲ့ပါတယ်။ စာရင်းဇယားကိန်းဂဏန်းတွေကို စိစစ်ရာမှာ တစ်နှစ်တာ ရည်မှန်းချက်များကို ပြည့်မီခဲ့တယ်လို့ သုံးသပ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့တစ်ဝန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ တဲ့ ကိုဗစ်- ၁၉ ရောဂါကြီးရဲ့ ဒဏ်ကို အလူးအလဲခံခဲ့ရတယ်။ ခံနေရဆဲပဲဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ဟာ ပြည်သူ့ ကျန်းမာ ရေး ပြဿနာတစ်ခုသာမက ကမ္ဘာ့စီးပွားရေး အဆောက် အအုံကို ရိုက်ခတ်ခဲ့ပါတယ်။ အလုပ်တွေ ပိတ်ကြတယ်၊ အလုပ်လက်မဲ့တွေ သန်းနဲ့ချီ ပေါ်ပေါက်လာခဲ့တယ်။ စီးပွားရေး လှုပ်ရှားမှုတွေဟာ အချိန်တိုတိုအတွင်းမှာ ရပ်ဆိုင်းသွားခဲ့တယ်။ ဒီရိုက်ခတ်မှုတွေကြောင့် ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေရှိနိုင်တာကို သုံးသပ် မိခဲ့တယ်။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိခိုက် နိုင်မယ် ဆိုတာကို ခန့်မှန်းခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေ တွေဟာ ထင်သလောက်ဆိုးဆိုးရွားရွားမဟုတ်ဘဲ ရည်ညွှန်းချက်တွေကို သိသာစွာ ထိခိုက်မှုမရှိတာကို တွေ့ရပါတယ်။ အခက်အခဲ မျိုးစုံကြားက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ ဝင်ရောက်လာဆဲဖြစ်တာကို တွေ့ရပါတယ်။

ရပ်တန့်မသွားခဲ့သော ကော်မရှင်၏ ဆောင်ရွက်မှု

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေကို ကိုဗစ်- ၁၉ ကာလအတွင်း ပုံစံအသစ်နဲ့လှုပ်ရှားခဲ့ပါတယ်။ အွန်လိုင်းကတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်တွေကို အရှိန်မပျက် စိစစ်နိုင်ခဲ့တယ်။ ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ ခေတ်မီနည်းပညာ အားကိုးပြီး လှုပ်ရှားနိုင်ခဲ့တယ်။ တာဝန်ရှိသူတွေဟာ နေပြည်တော်ကတစ်ဆင့် အလုပ်တွေ လုပ်နိုင်ခဲ့ပါတယ်။ ရန်ကုန် အခြေစိုက်အဖွဲ့ဝင်များဟာ အွန်လိုင်းက တစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း အစည်းအဝေးတွေတက်ပြီး တာဝန် များကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။
အခုလို အခက်အခဲကြားက ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ပြီး ဝင်လာတဲ့အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ ပကတိ အနေအထားကြောင့်ဖြစ်ပါတယ်။ ပြောင်းလဲတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကြောင့် နိုင်ငံအပေါ်ယုံကြည်မှု တွေ တိုးလာခဲ့တယ်။ အစိုးရအသစ်အနေနဲ့ ပွင့်လင်းမြင် သာမှုကို ဦးစားပေးခဲ့တယ်။ လူမှုရေးတာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးကြိုဆိုခဲ့ပါတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ရင် အခြေခံစဉ်းစားချက် ၃ ရပ်ရှိတာ တွေ့ရပါတယ်။ အတိုကောက်အဖြစ် “မ” သုံးလုံးဖြစ် တယ်။ ပထမ “မ” ကတော့ “များ” တဲ့၊ ပမာဏကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို မျှော်လင့်ပါတယ်။ နိုင်ငံခြားငွေ ဒေါ်လာသန်းဂဏန်းတွေရအောင် ကြိုးစားပါတယ်။ ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ ရင်းနှီးမြှုပ်နှံတဲ့ သူတွေလာပြီး အဆိုပြုလွှာတွေ စိစစ်ရုံမဟုတ်ဘဲ နိုင်ငံခြား တိုင်းပြည်တွေအထိသွားပြီး မြန်မာပြည်မှာရှိတဲ့ ရင်းနှီး မြှုပ်နှံမှု အလားအလာ အခွင့်အရေးတွေကို ရှင်းပြခဲ့ တယ်။ လှုံ့ဆော်ခဲ့ပါတယ်။ ဒီတာဝန်ကို ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကိုယ်တိုင် တက်တက်ကြွကြွဦးဆောင်ခဲ့ပါတယ်။ ထိုင်း၊ ဂျပန်၊ ကိုရီး ယား၊ ဟောင်ကောင်နိုင်ငံတွေမှာ ကျင်းပတဲ့ စီးပွားရေး အခမ်းအနားတွေမှာ တက်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

အမှန်တော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အခြေခံပြု ပြင်ပြောင်းလဲမှုကို လက်ရှိအစိုးရက ဆောင်ရွက်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို သီးသန့်ဦးစီးနိုင်ဖို့ ဝန်ကြီး ဌာနအသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့ ပါတယ်။ ခေတ်အဆက်ဆက်မှာ ကော်မရှင်ဥက္ကဋ္ဌတွေဟာ ဝန်ကြီးဌာန အသီးသီးမှာ ပူးတွဲတာဝန်တွေ ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကော်မရှင်ဥက္ကဋ္ဌတာဝန်ကို ဝန်ကြီးချုပ် ကိုယ်တိုင်ယူထားပြီး အင်ဒိုနီးရှားနိုင်ငံမှာတော့ ကော်မရှင် ဥက္ကဋ္ဌဟာ အစိုးရအဖွဲ့ဝန်ကြီးတာဝန်ကို ယူထားတာတွေ့ ရပါတယ်။ မြန်မာနိုင်ငံမှာ အခုလို အခြေခံပြုပြင်ပြောင်းလဲမှု တွေ ဆောင်ရွက်ခဲ့တဲ့အတွက် ကော်မရှင်ရဲ့ လှုပ်ရှားမှုတွေ ဟာ သွက်လက်မြန်ဆန်ခဲ့ပါတယ်။ နိုင်ငံတကာ အတွေ့ အကြုံရှိပြီး စီးပွားရေးလောကနဲ့ ရင်းနှီးတဲ့သူဖြစ်တဲ့ အတွက် ကော်မရှင်ဥက္ကဋ္ဌဟာ လုပ်ငန်းတွေကို တက်ကြွစွာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူက ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ဦးဆောင်သူအနေ နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့လမ်းညွှန် မှုတွေပေးနိုင်ခဲ့တယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော် ရှေ့နေချုပ် ဦးထွန်းထွန်းဦးအနေနဲ့ ကော်မရှင်ရဲ့လှုပ်ရှား မှုတွေဟာ ဥပဒေဘောင်နဲ့ ကိုက်ညီနိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု အကြံပြုချက်တွေ ပေးနိုင်ခဲ့တယ်။ လုပ်ထုံး လုပ်နည်းနဲ့ညီအောင်လည်း ထိန်းကွပ်ပေးနိုင်ခဲ့တယ်။ ကော်မရှင်မှာ ဒုတိယဝန်ကြီးဦးဆက်အောင်နဲ့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်တို့ ပါဝင်ခဲ့တယ်။ သူတို့ရဲ့အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေဟာ ကော်မရှင်ရဲ့ လှုပ်ရှားမှုတွေကို တွန်းအားပေးနိုင်ခဲ့ပါတယ်။

ကော်မရှင်အဖွဲ့ဝင်များ ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့

ကျွန်တော်အပါအဝင် ကျန်ရှိတဲ့အဖွဲ့ဝင်တွေကတော့ ကျွမ်းကျင်ရာ လိမ္မာရာ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ပေးကြပါ တယ်။ ကော်မရှင်ရဲ့ လှုပ်ရှားမှုမှာအဆင်ပြေချောမွေ့နိုင် ဖို့ အရေးကြီးတဲ့ တာဝန်ယူထားတဲ့သူက အတွင်းရေးမှူး ဦးသန့်စင်လွင် ဖြစ်ပါတယ်။ အတွင်းရေးမှူးတာဝန်ကို တစ်ဖက်က ယူထားပေမယ့် တစ်ဖက်မှာလည်း ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများ အုပ်ချုပ်စီမံမှု ဦးစီးဌာနရဲ့ ညွှန်ကြား ရေးမှူးချုပ်တာဝန်ကို ယူထားပါတယ်။ ဒီဦးစီးဌာနဟာ ကော်မရှင်ရဲ့ ရုံးလုပ်ငန်းအားလုံးကို တာဝန်ယူလျက်ရှိ ပါတယ်။ ကော်မရှင်ရဲ့ တွဲဖက်အတွင်းရေးမှူး တာဝန်ကို တော့ အတွေ့အကြုံရှိတဲ့ ဒေါ်မြသူဇာက ယူလျက်ရှိပါ တယ်။ ကော်မရှင်အဖွဲ့ဝင် ၁၃ ဦးဟာ ဥက္ကဋ္ဌရဲ့ဦးဆောင်မှုနဲ့ လုပ်ငန်းများကို ညီညီညွတ်ညွတ်နဲ့ဆောင်ရွက်လျက် ရှိပါ တယ်။ စုပေါင်းပြီး ဟန်ချက်ညီညီဆောင်ရွက်နိုင်ခဲ့တယ်။
ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုအားပေးရာမှာ စီးပွားရေး ပတ်ဝန်းကျင်ဟာ အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ အလွယ် တကူ လှုပ်ရှားနိုင်ဖို့ ဦးစားပေးခဲ့တယ်။ ကမ္ဘာ့ဘဏ်က ဖော်ထုတ်ခဲ့တယ်။ Ease of doing business စီးပွားရေး ကို လွယ်လွယ်ကူကူချောမွေ့စွာ လုပ်ဆောင်နိုင်မှုကို ဦးစားပေးခဲ့တယ်။ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တန်းစီ ဇယားမှာ တိုးတက်လာခဲ့ပါတယ်။ အစိုးရအသစ်အနေနဲ့ လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်တစ်ရပ်ကို ဖော်ဆောင် နိုင်ခဲ့တာမို့ ပတ်ဝန်းကျင်ကို ပြုပြင်နိုင်ခဲ့တယ်။

ဒုတိယ ‘မ’ က ‘မှန်’ ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးခြင်းဖြစ်တယ်။ ဒီကိစ္စဟာ အလွန်သိမ်မွေ့ပါတယ်။ စီးပွားရေး အဆောက်အအုံတစ်ခုလုံးနဲ့ ပတ်သက်နေခြင်း ဖြစ်တယ်။ “မှန်” တယ်လို့ ပြောရာမှာ လူမှုရေးတာဝန် ကျေပွန်မှုကို ရည်ညွှန်းတာဖြစ်တယ်။ လူမှုရေးတာဝန် ကျေပွန်မှုကို Corporate Social Responsibility (CSR) လို့ သတ်မှတ်ကြတယ်။ အတိုကောက် CSR ဆိုတဲ့ အသုံး အနှုန်းကို လူတိုင်းလိုလို သဘောပေါက်ကြတယ်။ သိကြ တယ်။ ကျွန်တော့်အနေနဲ့ CSRနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုအသင်းချုပ်ကြီးမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဟောပြောပွဲနဲ့ မိတ်ဆက်ပေးခဲ့ တယ်။ တချို့က CSR ကို ကျွန်တော်တို့ လုပ်နေကြတယ်လို့ ကျွန်တော့်ကို လာပြောတယ်။ လုပ်တယ်ဆိုတဲ့နေရာမှာ အလှူအတန်းပေးတာကို ပြောနေတာဖြစ်တယ်။ လမ်း တွေဖောက်ပေးတယ်၊ ကျောင်းတွေဆောက်ပေးတယ်။ စာသင်ကျောင်းတွေ ဖွင့်ပေးတာကို CSR လို့ သတ်မှတ် ကြတယ်။ CSR ရဲ့ အနှစ်သာရက အလှူသက်သက် မဟုတ်ပါဘူး။ အတ္တ/ပရ မျှတရမယ့်လုပ်ငန်းဖြစ်တယ်။ ယခင်အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ တာဝန်ယူခဲ့စဉ် ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ အသားတင်အမြတ်ရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်း CSR အတွက် လျာထားဖို့အကြံပြုခဲ့ရာမှာ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် များရဲ့ သဘောတူချက်နဲ့ အကြံပြုချက်ကိုလက်ခံခဲ့ပြီး ယခုအချိန်အထိ တည်ရှိလျက်ရှိတယ်။ ရင်းနှီးမြှုပ်နှံသူ များအနေနဲ့ အခုလို အမြတ်ငွေထဲက CSR လုပ်ငန်းတွေ အတွက် တာဝန်ယူဖို့ ဝန်မလေးကြတာတွေ့ရတယ်။

UNGC အဖွဲ့ဝင်ဖြစ်ဖို့ ကုမ္ပဏီများကို တိုက်တွန်း

၂၀၁၂ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံရောက်လာချိန် မှာ ကျွန်တော်က မြန်မာနိုင်ငံက ထင်ရှားတဲ့ကုမ္ပဏီ ၁၅ ခုကို စည်းရုံးပြီး အထွေထွေအတွင်းရေးမှူးချုပ်ထံ ကုလသမဂ္ဂ အဖွဲ့အစည်းက ဦးစီးဆောင်ရွက်နေတဲ့ UN Global Compact (UNGC) ရဲ့ အဖွဲ့ဝင်များအဖြစ် လျှောက်လွှာတွေတင်ခဲ့တယ်။ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ ဒုတိယအကြိမ် အထွေထွေအတွင်းရေးမှူးချုပ် မြန်မာပြည် ခရီးစဉ်မှာ နေပြည်တော်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ မြန်မာ ကုမ္ပဏီ ၁၈၀ ကျော်ရဲ့လျှောက်လွှာကို လက်ခံအသိအမှတ် ပြုခဲ့တယ်။ တတိယအကြိမ် ၂၀၁၆ ခုနှစ်မှာ မြန်မာကုမ္ပဏီ ၃၀၀ ကျော်ကို အဖွဲ့ဝင်အဖြစ်လက်ခံခဲ့တယ်။ UNGC ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အကြီးဆုံးသော CSR လှုပ်ရှားမှုဖြစ် တယ်။ UNGC နဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ကုလ သမဂ္ဂအဖွဲ့အစည်းများ တက္ကသိုလ်မှာ တာဝန်ယူစဉ် သင်တန်းတွေပေးခဲ့တာ ဖြစ်ပါတယ်။

UNGC အဖွဲ့ဝင် ကုမ္ပဏီများအနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ကတိ လေးချက်ပြုရပါတယ်။ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့၊ ဝန်ထမ်းရေးရာနဲ့ ပတ်သက်ပြီး ထိန်းသိမ်း ဖို့၊ ပတ်ဝန်းကျင်ကို အလေးထားပြီး ပြုစုဖို့နဲ့ နောက်ဆုံးက အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ဖို့၊ ပါဝင် ပတ်သက်မှုမရှိဖို့ ကတိပြုရပါတယ်။ လက်ရှိကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ရင်းနှီးမြှုပ်နှံသူများကို UNGC အဖွဲ့ဝင်ဖြစ်ဖို့ အမြဲတိုက်တွန်းခဲ့တယ်၊ အကြံပြုခဲ့ပါတယ်။ သူ့အနေနဲ့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို လိုလားတဲ့ဆန္ဒကြောင့် ဖြစ်ပါ တယ်။ ကော်မရှင်ထံ ခွင့်ပြုချက်တောင်းခံတဲ့ ကဏ္ဍ အသီးသီးရှိတဲ့အနက် ပညာရေးဝန်ဆောင်မှုတွေပေးဖို့ လျှောက်လွှာအမြောက်အမြားရှိတာ တွေ့ရတယ်။ စိစစ်ရာ မှာ အရည်အသွေးမီတဲ့ ပြည်ပတက္ကသိုလ်တွေ၊ အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဖို့ ကော်မရှင်က တိုက်တွန်းခဲ့ တယ်။ ပညာရေးနယ်ပယ်မှာ နာမည်ပျက်နေတဲ့ ဘွဲ့အတု တွေ၊ ဒီဂရီအတုတွေပေးတဲ့ အဖွဲ့အစည်းတွေကို ဟန့်တား ခဲ့ပါတယ်။

စစ်မှန်တဲ့ CSR ရဲ့ အကောင်းဆုံးနမူနာက နိုင်ငံ တကာ ကုမ္ပဏီဖြစ်တဲ့ Unilever ရဲ့ ဆောင်ရွက်မှုဖြစ်တယ်။ ကုမ္ပဏီအနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ကလေး ငယ်ကျောင်းသားတွေကို ကျန်းမာရေးအတွက် လက်ဆေး တဲ့ အလေ့အကျင့်တွေကို ပျံ့ပျံ့နှံ့နှံ့ဖြစ်အောင်ကြိုးစားခဲ့တယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံသွားဆရာဝန်များအသင်းနဲ့ ပူးပေါင်းပြီး သွားတိုက်တဲ့နည်းတွေကို ပညာပေး ခဲ့တယ်။ သွားနှင့်ခံတွင်းသန့်ရှင်းမှုကို အားပေးခဲ့တယ်။ အခုလို ပရဟိတလုပ်ငန်းတွေကို အားပေးလုပ်ဆောင်ခဲ့ သလို တစ်ဖက်မှာလည်း လက်ဆေးဖို့ ဆပ်ပြာတွေ၊ သွား တိုက်ဖို့ သွားတိုက်ဆေးတွေကို ရောင်းချလျက်ရှိတာ ဖြစ်တယ်။ ကော်မရှင်ရဲ့အကြံပြုချက်ကို လက်ခံပြီး UNGC အဖွဲ့ဝင်ဖြစ်သွားတဲ့ ကုမ္ပဏီများအနက် မိမိတို့ရဲ့လှုပ်ရှားမှု တွေဟာ လူမှုရေးတာဝန်ကျေပွန်ကြောင်း ထွေထွေထူးထူး ဖော်ပြစရာမလိုအပ်ဘဲ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်မှာ UNGC အမှတ်တံဆိပ်ကို သုံးခွင့်ရှိပါတယ်။

မြန်မြန်ဆန်ဆန်ဖြစ်အောင်လည်း ကြိုးစားနေ

နောက်ဆုံး “မ”က မြန်မြန်ဆန်ဆန်စိစစ်အတည်ပြုနိုင်ဖို့ ဖြစ်တယ်။ အခုချိန်မှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီများ ဟာ အွန်လိုင်းစနစ်ကိုသုံးပြီး ဆောင်ရွက်ခွင့်ရှိတယ်။ တစ်ဖက်မှာလည်း One-Stop-Service(OSS)တစ်ကြိမ် တည်းနဲ့ လုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင်ဆောင် ရွက်လိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင်လျက်ရှိတယ်။ ရင်းနှီး မြှုပ်နှံလိုတဲ့သူတွေ အနှောင့်အယှက်ကင်းပြီး လွယ်ကူ စွာ၊ စိတ်ချစွာ ရင်းနှီးနိုင်ဖို့ ကြိုးစားလျက်ရှိတယ်။ အောင်မြင်မှုတွေ အထိုက်အသင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှု ရှုထောင့်နဲ့သုံးသပ်ရာမှာ အလုပ်နဲ့လူ အခြေခံ နှစ်ခုကို တစ်ပြိုင်တည်းဖြေရှင်းနေရပါတယ်။ အလုပ်တွေ ချောမွေ့နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေ အထူးသဖြင့် Stan-dard Operating Procedures (SOP)တွေ ဖော်ထုတ် နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ထင်ထားသလို ခရီး မပေါက်တာ တွေ့ရတယ်။ “လူ” ပြဿနာကို ရင်ဆိုင်ရ တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း လွယ်ကူချောမွေ့အောင် ကြိုးစားရာမှာ ဌာနစွဲတွေ၊ ဒေသစွဲတွေက လွှမ်းမိုးနေတာ တွေ့ရတယ်။ ဌာနအချင်းချင်းညှိနှိုင်းရာမှာ စိန်ခေါ်မှုမျိုးစုံ နဲ့တွေ့ရတယ်။ စီမံခန့်ခွဲမှု ပညာမှာ နမူနာပေးလေ့ရှိတယ်။ Silo စပါးကျီတွေကို တွေ့မြင်ရတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ပြည်ထောင်စု အဆင့် စဉ်းစားချက်တွေ တစ်ခါတစ်ရံကွဲလွဲနေတာ တွေ့ရ တယ်။ နိုင်ငံတစ်ခုလုံးအတွက် အကောင်းဆုံးဖြစ်ရမယ့် အဖြေကို ရှာဖွေသွားရမှာဖြစ်တယ်။ ဌာန၊ ဒေသစွဲတွေရှိ နေသရွေ့ ပုံကြီးကို မြင်နိုင်ဖို့ ခဲယဉ်းတယ်။ တစ်ခါတစ်ရံ ရင်းနှီးမြှုပ်နှံမှုရရှိဖို့ အာရုံထက် ကျဉ်းမြောင်းတဲ့ အယူ အဆ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပိတ်ဆို့တားဆီးနေခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူများအနေနဲ့လည်း တက်လိုက်ဆင်းလိုက်၊ တစ်ဌာနဝင် တစ်ဌာနထွက်နဲ့ ပင်ပန်းခဲ့တယ်။ စိတ်ရှည်ကြ တာကို ကျေးဇူးတင်ရမှာဖြစ်တယ်။

တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကိုယ်နိုင်ငံရေးအမြင် အားနည်းတာကို သတိထားမိတယ်။ ကိုယ်ကတော့ ရင်းနှီး မြှုပ်နှံမှုတိုးတက်မှုကိုပဲ အာရုံရှိတာ။ ဒါပေမယ့် တစ်ခါ တစ်ရံ ကိုယ်မသိတဲ့၊ နားမလည်တဲ့ အခြေအနေတွေ ရှိနိုင် မယ် ဆိုတာကို သုံးသပ်ဆင်ခြင်မိပါတယ်။ အဖွဲ့အစည်း တစ်ခုဟာ အစဉ်တိုးတက်ပြောင်းလဲနေဖို့ လိုအပ်တယ်။ ဖြစ်လာဖို့လည်း တာဝန်ရှိ သူတွေက ကြိုးစားဆောင်ရွက်ရ မှာဖြစ်တယ်။ ကိုယ့်နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အတွက် အလွန်အရေးပါလှတဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အစဉ်တိုးတက်အောင်မြင်ဖို့ ဆန္ဒပြု မိပါတယ်။ ။
Credit: MOI, MNA