ဆောင်းပါးများ

ဆောင်းပါးများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ရေးသားသည့် “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများ အပိုင်း(၁) သမိုင်းကြောင်းကို တူးဆွခြင်း” ဆောင်းပါး

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများ အပိုင်း(၁) သမိုင်းကြောင်းကို တူးဆွခြင်း အောင်နိုင်ဦး ပြောင်းလဲတတ်တဲ့ဥပဒေ ကမ္ဘာပေါ်က နိုင်ငံအများစုမှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးနဲ့နည်းပညာ အရင်းအမြစ် တွေ တိုးတက်ရရှိစေဖို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) တွေကို ဖိတ်ခေါ်ဆောင်ရွက် ကြပါတယ်။ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့် (United Nations Conference on Trade and Development-UNCTAD) ရဲ့ စာရင်းဇယားတွေအရ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၄၁ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့မှာ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးကြပါတယ်။ ကမ္ဘာပေါ်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဥပဒေ စုစုပေါင်း ၁၇၇ ခု ရှိတယ်လို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့နောက်ပိုင်းမှာ ကိုလိုနီလက်အောက်က လွတ်မြောက်လာကြတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည်တည်ဆောက်ရတဲ့ နိုင်ငံတွေမှာ မိမိနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်ပအရင်းအမြစ်တွေ ဝင်ရောက်လာစေဖို့ ကြိုးပမ်းဆောင်ရွက်ကြရင်း ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းမှုတွေ၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ချုပ်ဆိုခြင်းတွေ စတင်ဆောင်ရွက်လာခဲ့ကြ ပါတယ်။ ကမ္ဘာကြီးရဲ့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကိုလည်း အဆင့်ဆင့် ပြင်ဆင်ပြောင်းလဲရေးဆွဲခဲ့ကြတာတွေလည်း တွေ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ထူထောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ နိုင်ငံတော်တော်များများဟာ မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီချက်တွေနဲ့ကိုက်ညီအောင် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ကြပြန်ပါတယ်။ စစ်အေးတိုက်ပွဲပြီးသွားတဲ့နောက်ပိုင်း စီးပွားရေးအုပ်စုတွေ ပေါ်ပေါက် လာခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ တိုးတက်များပြားလာခြင်းစတဲ့ အခြေအနေတွေကလည်း ရင်းနှီးမြှုပ်နှံမှုဥပဒေ တွေကို လိုအပ်သလိုပြင်ဆင်ကြဖို့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ဗီယက်နမ် နိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်က Law on Foreign Investment ဆိုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ အဆိုပါဥပဒေကို ၁၉၉၂ ခုနှစ်၊ ၁၉၉၆ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တို့မှာ အကြိမ်ကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ အခြေခံများ နိုင်ငံတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲမှုတွေ ဆောင်ရွက်ကြပေမယ့် ၂၁ ရာစု အစပိုင်းကစပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကို အောက်ပါအခြေခံအချက်တွေပေါ်မှာ အခြေပြုပြီး ရေးဆွဲ လာကြတာကို တွေ့ရပါတယ် - (၁) အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာကိုသတ်မှတ်တယ်။ ရင်းနှီးမြှုပ်နှံသူ ဆိုတာ ဘယ်လိုသတ်မှတ်တယ်ဆိုတာကို ရှင်းလင်းစွာအဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းကြပါတယ်။ (၂) ဖြေလျှော့မှုဆောင်ရွက်ခြင်းမှာလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ သဘောတူညီချက်တွေ နဲ့ ကိုက်ညီအောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံသားများနည်းတူ အခွင့်အရေး ပေးခြင်း၊ နိုင်ငံတစ်ခုက လာရောက် ရင်းနှီး မြှုပ်နှံသူကို အခြားနိုင်ငံတစ်ခုက လာရောက် ရင်းနှီးမြှုပ်နှံသူနဲ့ ခွဲခြားမှုမရှိဘဲ ဆက်ဆံခြင်း စတဲ့ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းရေးဆွဲလာ ကြပါတယ်။ (၃) ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်း အပိုင်းမှာလည်း သာတူညီမျှဆက်ဆံဆောင်ရွက် ခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို သိမ်းယူခြင်းမှ အကာအကွယ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကရရှိတဲ့ အကျိုးအမြတ်တွေကို မူရင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခွင့်ပြုခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပေါ်မှာ သက်ဆိုင်ရာအစိုးရရဲ့ လိုလားချက်နဲ့အညီ ဆောင်ရွက်စေခြင်းတွေကို ရှောင်ကြဉ်ခြင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ၊ မန်နေဂျာတွေ၊ ပညာရှင်တွေကို ကန့်သတ်မှုမထားဘဲ လုပ်ကိုင် ဆောင်ရွက်ခွင့်ပေးခြင်း၊ အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်း ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လာကြပါတယ်။ (၄) ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနဲ့ ပတ်သက်ပြီးတော့လည်း မြှင့်တင်ဆောင်ရွက်မှုတွေ၊ လွယ်ကူ ချောမွေ့အောင် စီမံပေးမှုတွေ၊ အစိုးရဌာနချင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ဥပဒေမှာ ပြည့်စုံအောင် ထည့်သွင်းရေးဆွဲလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေဟာလည်း ခေတ်နဲ့အညီ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ စာရေးသူအနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေရာက ယခင်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ခေတ်ပြောင်းစနစ်အပြောင်းမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ လက်ရှိအစိုးရ တာဝန်ယူတဲ့ကာလမှာ လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ဆက်လက်ပါဝင်ဆောင်ရွက်ခွင့် ရခဲ့ပြန်ပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ခေတ်အလိုက် ပြောင်းလဲလာမှုကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့ရသူတစ်ဦးအနေနဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းငယ်တစ်ခုပြုစုခြင်းသာ ဖြစ်ပါတယ်။ ပထမဆုံးဥပဒေ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသမိုင်းကြောင်းကို ပြန်လည်တူးဆွကြည့်ရင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် အိမ်စောင့်အစိုးရလက်ထက်မှာ အက်ဥပဒေအမှတ် ၄၁ နဲ့ ပြဋ္ဌာန်းလိုက်တဲ့ ၁၉၅၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ငွေရင်းနှီးရေးအက်ဥပဒေ (The Union of Burma Investment Act, 1959) ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလအစိုးရလက်ထက်မှာ နိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုကနေ ပေါ်ပေါက်ခဲ့တဲ့ ဥပဒေလို့လည်း ဆိုနိုင်ပါတယ်။ ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်း ဝန်ကြီးချုပ် ဦးနုအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ကိုလိုနီဘဝက လွတ်လာတဲ့ အိန္ဒိယ၊ ယူဂိုဆလားဗီးယားနဲ့ အစ္စရေးနိုင်ငံများ၊ စကင်ဒီနေဗီးယားနိုင်ငံများသို့ သွားရောက်လေ့လာမှု ဆောင်ရွက်ရာကနေ နိုင်ငံခြားသား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ၊ စက်ပစ္စည်းကိရိယာတွေ ရရှိအောင် ဆွဲဆောင်လိုလျှင် လွှတ်တော်က ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့အသိကို ရရှိခဲ့ပါတယ်။ ၎င်းအသိအပေါ်မှာ အခြေခံပြီး ၁၉၅၆ခုနှစ်နှစ်ကုန်ပိုင်းမှာ အမေရိကန်အကြံပေးအဖွဲ့ (TAMS) ရဲ့ အကြံပေးချက်အရ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းကို တာဝန်ပေးကာ ရေးဆွဲစေခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ သို့သော်လည်း ထိုဥပဒေဟာ လွှတ်တော်တွင်းမှာရှိတဲ့ လက်ဝဲလိုလားသူတွေ၊ အထူးသဖြင့် ဆိုရှယ်လစ်ပါတီ အတွင်းက သခင်တင်နဲ့အဖွဲ့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အဓိကအကြောင်း ကတော့ ဒီဥပဒေပေါ်လာရင် နိုင်ငံခြားသားအရင်းရှင်တွေ မြန်မာပြည်ထဲရောက်လာပြီး နိုင်ငံသားတွေ အနေနဲ့ ဆိုရှယ်လစ်စိတ်ဓာတ်ပျက်စေနိုင်တယ်လို့ ယူဆတဲ့အတွက် ကန့်ကွက်ခဲ့ကြတယ် လို့လည်း ဆိုပါတယ်။ ဒါကြောင့် အဆိုပါဥပဒေဟာ လွှတ်တော်ကိုတင်ပြနိုင်တဲ့အဆင့်သို့ မရောက်ခဲ့ဘဲ ရပ်တန့် နေခဲ့ပါတယ်။ အိမ်စောင့်အစိုးရတက်လာပြီး နောက်ပိုင်းမှာ အစိုးရယန္တရား ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တာဝန်ယူခဲ့ကြတဲ့ ဗိုလ်မှူးကြီးအောင်ကြီးနဲ့ ဗိုလ်မှူးကြီးမောင်မောင် တို့က အဆိုပါ ဥပဒေပြဋ္ဌာန်းနိုင်ရေးကို ပြန်လည်ကြိုးပမ်းခဲ့ကြပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့ လက်ဝဲယိမ်းနိုင်ငံ ရေးသမားတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ၊ အထူးသဖြင့် သခင်တင် လက်ခံလာအောင် ရှင်းလင်းဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ကြရင်း အဆိုပါ အက်ဥပဒေကို ပြဋ္ဌာန်းလိုက်နိုင်ရင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမို ဆွဲဆောင်နိုင်မှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ နိုင်ငံခြားအစိုးရတွေထံမှ ချေးငွေတွေ၊ အကူအညီတွေ တောင်းခံနေရတဲ့ကိစ္စ ဆောင်ရွက်စရာလိုတော့မှာ မဟုတ်ကြောင်း ရှင်းပြတဲ့အခါ သခင်တင်နဲ့အဖွဲ့က လက်ခံသဘောတူလိုက်တဲ့အတွက် နောက်ဆုံးမှာ ဥပဒေတစ်ရပ် အဖြစ်နဲ့ ပြဋ္ဌာန်းလိုက်နိုင်တယ်လို့ သိရပါတယ်။ သူ့ခေတ်သူ့အခါ အက်ဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာ ငွေကြေးနှင့် ဘဏ်အုပ်ချုပ်ရေးဌာနခွဲက ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အမှတ်စဉ် ၈၆ နဲ့ ၁၉၆၀ ပြည့်နှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ငွေရင်းနှီးရေး နည်းဥပဒေများကို ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။ ပုဒ်မ ၁၃ ခုသာပါရှိတဲ့ အဆိုပါ အက်ဥပဒေမှာ ယနေ့ လက်ခံကျင့်သုံးနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ အခြေခံအချက်တွေထဲက ရင်းနှီးမြှုပ်နှံသူနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ဖြေလျှော့မှုဆောင်ရွက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို သူ့ခေတ်သူ့အခါနဲ့ ကိုက်ညီအောင် ထည့်သွင်းရေးဆွဲခဲ့တာလည်း တွေ့ရပါတယ်။ ဥပဒေကို ရေးဆွဲစဉ်က အခြားနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကို လေ့လာသုံးသပ်ပြီး ရေးဆွဲခဲ့ တယ်လို့လည်း တွေ့ရှိရပါတယ်။ ၁၉၅၀ လွန်ကာလတွေကနေ ၂၀ ရာစုနှောင်းပိုင်း ကာလတွေအထိ နိုင်ငံအသီးသီးကရေးဆွဲခဲ့တဲ့ ရင်းနှီး မြှုပ်နှံမှုဥပဒေတွေမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်နဲ့သာ ခွင့်ပြုလေ့ရှိခဲ့ပါတယ်။ အဆိုပါ ခွင့်ပြုလုပ်ငန်းတွေကို ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်အရ “ခွင့်ပြုစာရင်း (Positive List)” လို့ သုံးစွဲကြပါတယ်။ ၁၉၅၉ ခုနှစ် ငွေရင်းနှီးရေးအက်ဥပဒေအရ ထုတ်ပြန်တဲ့ နည်းဥပဒေတွေထဲမှာ ခွင့်ပြုစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း၊ ကြက်/ငှက်) ဘဲမွေးမြူရေး လုပ်ငန်း၊ နို့/ထောပတ်၊ ဒိန်ခဲထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဟိုတယ်ဖွင့်လှစ်တည်ထောင်ရေး လုပ်ငန်းကိုသာ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း တွေ့ရှိရပါတယ်။ ကော်မတီဘယ်လိုဖွဲ့ အက်ဥပဒေပုဒ်မ ၃ အရ “ပြည်ထောင်စုမြန်မာနိုင်ငံ ငွေရင်းနှီးရေးကော်မတီ (Union of Burma Investment Committee)” ကို နိုင်ငံတော်သမ္မတက ခန့်ထားရမည်လို့ ပြဋ္ဌာန်းထားပြီး နည်းဥပဒေအရ ကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းဖို့ ပြဋ္ဌာန်းခဲ့တာကိုလည်းတွေ့ရပါတယ်- (၁) အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ အတွင်းဝန်၊ (၂) ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန၊ အတွင်းဝန်၊ (၃) ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ အတွင်းဝန်၊ (၄) စက်မှုလက်မှုဝန်ကြီးဌာန၊ အတွင်းဝန်၊ (၅) ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး၊ (၆) နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ် ၄ ဦးတို့ ပါရှိပါတယ်။ ကော်မတီနဲ့ပတ်သက်တဲ့ သက်တမ်းကို အတိအကျသတ်မှတ်ပေးခြင်းမပြုဘဲ အက်ဥပဒေ အာဏာတည်တဲ့ ကာလအပိုင်းအခြားအတိုင်း ဖြစ်ရမယ်ဆိုပြီး ပြဋ္ဌာန်းခဲ့တာကိုလည်း ထူးခြားစွာတွေ့ရှိရပါတယ်။ ကော်မတီရဲ့ အတွင်းရေးမှူးကို နိုင်ငံတော်သမ္မတက ခန့်ထားဖို့နဲ့ ကော်မတီအစည်းအဝေးကို ပြက္ခဒိန် တစ်လလျှင် တစ်ကြိမ်ကျင်းပသွားဖို့ ပြဋ္ဌာန်းခဲ့တာလည်း တွေ့ရှိရပါတယ်။ နည်းဥပဒေမှာ ထူးခြားစွာတွေ့ ရှိရတာကတော့ ရင်းနှီးမြှုပ်နှံသူအနေနဲ့ အက်ဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာပါရှိတဲ့ အခွင့်အရေးတွေကို ဆောလျင်စွာနဲ့ မျှတစွာမရရှိခဲ့ရင် ကော်မတီထံသို့ စာဖြင့် ရေးသားတိုင်တန်းရမယ့်အပြင် ကျမ်းကျိန်လွှာ ဖြင့်လည်း ထောက်ခံရမယ်လို့ ပါရှိပါတယ်။ အဆိုပါအချက်က ယနေ့နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ ရင်းနှီးမြှုပ်နှံသူရဲ့ နစ်နာချက်တွေ ဖြေရှင်းခြင်းလုပ်ငန်းစဉ် (Investor Grievance Mechanism) ရဲ့ အခြေခံ သဘောတရားဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကတည်းက ကျင့်သုံးဆောင်ရွက် ခဲ့တာကို ဂုဏ်ယူဖွယ်တွေ့ရှိရပါတယ်။ ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ နိုင်ငံတော်သမ္မတက ရွေးချယ်တဲ့ မဟာသရေစည်သူ ဦးချမ်းသာ ပါလီမန် အတွင်းဝန် အမျိုးသားစီမံကိန်းဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးအေးမောင် ပြည်သူ့ လွှတ်တော်အမတ် ပန်းတနော်၊ ဦးထွန်းဝင်း ပြည်သူ့လွှတ်တော်အမတ် မြန်အောင်၊ ဦးကျော်ငြိမ်း ဥက္ကဋ္ဌ ပြည်ထောင်စုဘဏ်တို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ပြီး နည်းဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း အတွင်းဝန်များက အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ကော်မတီကို ၁၉၆၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ ဖွဲ့စည်း ခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီနဲ့ ဥက္ကဋ္ဌအပြောင်းအလဲ ၁၉၆၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံတော်အစိုးရထံ ပါလီမန်ဒီမိုကရေစီထွန်းကားရေးကော်မတီက အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး အဆိုပါ အစီရင်ခံစာရဲ့ စာပိုဒ် ၄ မှာ အောက်ပါအတိုင်း ပါရှိခဲ့ပါတယ်- “၄။ အစိုးရဘုတ်အဖွဲ့နှင့် ကော်ပိုရေးရှင်းများတွင် အဖွဲ့ဝင်လူကြီးများ ခန့်ထားရေး။ (က) မူနှင့်ဝါဒကို ချမှတ်ပိုင်ခွင့်ရှိသော ဘုတ်နှင့် ကော်ပိုရေးရှင်း (Policy-making Boards and Corporations) များတွင် အဖွဲ့ဝင်များ ခန့်အပ်ခြင်းမှာ အစိုးရ၏ ကိုယ်ပိုင်အခွင့်အရေး၊ အစိုးရ၏ သဘောဆန္ဒအတိုင်းအဖြစ်ထားရှိရန် သဘောတူကြသည်။ ( ခ ) အကောင်အထည်ဖော်သော ဘုတ် (Implementation or Executive Boards) များတွင်မူ တိုင်းပြည်အကျိုးကို ရှေးရှုလျက် နိုင်ငံရေးပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နိုင်ငံရေးပါတီဝင်ဖြစ်လျှင်လည်း အတိုက်အခံပါတီဝင်ဖြစ်စေ အကျွမ်းကျင်ဆုံးနှင့် အသင့်တော်ဆုံး ပုဂ္ဂိုလ်များသာလျှင် ခန့်ထားရန်၊ သို့ရာတွင် အဆိုပါ ဘုတ်တို့တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ပါလီမန်အတွင်းဝန်များ မပါဝင်သင့်ကြောင်း သဘောတူကြ ပါသည်။” အထက်ပါ အစီရင်ခံစာကို နိုင်ငံတော်အစိုးရက လက်ခံလိုက်တဲ့အတွက် ကော်မတီရဲ့ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေတဲ့ ပါလီမန်အတွင်းဝန် ဦးချမ်းသာအနေနဲ့ ဥက္ကဋ္ဌရာထူးက နုတ်ထွက်ပေးဖို့ အကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အမျိုးသားစီမံကိန်းဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ငွေရင်းနှီးရေးကော်မတီဥက္ကဋ္ဌ မဟာသရေစည်သူ ဦးချမ်းသာကိုတာဝန်မှ ရပ်စဲပြီး အမျိုးသားစီမံကိန်းဝန်ကြီးဌာန အတွင်းဝန် သီရိပျံချီ ဦးခင်မောင်ကြီးကို ကော်မတီရဲ့ဥက္ကဋ္ဌအဖြစ် အစားထိုးခန့်အပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးခင်မောင်ကြီး အငြိမ်းစားယူသွား တဲ့အတွက် အမျိုးသားစီမံကိန်းဌာန အတွင်းဝန် ဝဏ္ဏကျော်ထင် ဦးအုန်းခင်ကို ကော်မတီဥက္ကဋ္ဌအဖြစ် ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ခန့်ထား လိုက်ကြောင်း တွေ့ရှိရပါတယ်။ ဘာတွေလုပ်ခဲ့သလဲ ကော်မတီအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတွေကို စိစစ်ခွင့်ပြုမိန့်တွေ ထုတ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ အဆိုပါ လုပ်ငန်းတွေထဲမှာ မြန်မာပြည်ချည်မျှင်နှင့် ရက်ကန်းစက်ရုံများလီမိတက်၊ ရန်ကုန်စက္ကူစက်လီမိတက်၊ နေပြည်တော်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီစတဲ့ လုပ်ငန်းတွေ ပါဝင်ခဲ့တာကို လည်း အထောက်အထားအချို့ တွေ့ရှိခဲ့ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ဦးချမ်းသာ ကော်မတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း (၁၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက် ရန် အမေရိကန်နိုင်ငံသို့ သွားရောက်ရင်း အခြားနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေရေးဆွဲ အကောင်အထည် ဖော်ပုံ၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မှု လုပ်ငန်းများဆောင်ရွက်ပုံ၊ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံသို့ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်စေရေး လှုံ့ဆော်ဆွဲဆောင်ဖို့ အမေရိကန်နိုင်ငံရှိ ဝါရှင်တန်၊ ချီကာဂို၊ ဆန်ဖရန်စစ္စကိုမြို့များကိုလည်းကောင်း၊ ပူတိုရီကို (Puerto Rico) နိုင်ငံနဲ့ ကနေဒါနိုင်ငံ များသို့ ၁၉၆၀ ပြည့်နှစ် နှောင်းပိုင်းမှာ သွားရောက်ခဲ့တာ တွေ့ရှိရပါတယ်။ ဥပဒေပြင်ဆင်ခြင်း ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီး နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးတဲ့ ပြဋ္ဌာန်းချက်ဖြစ်တဲ့ အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၁)ကို တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၃၉၊ ၁၉၆၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ရင်းနှီးရေးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအဖြစ် ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပြဋ္ဌာန်းပြီး ပယ်ဖျက်ခဲ့ပါတယ်။ အဆိုပါ ပုဒ်မမှာ “၆။ (၁) ဤအက်ဥပဒေ အရ ငွေရင်းနှီးထားသော မည်သည့်စီးပွားရေးလုပ်ငန်းကိုမဆို ဤအက်ဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌက အာမခံထားသော ကာလအပိုင်းအခြားအတွင်း နိုင်ငံပိုင် ပြုလုပ်မည်မဟုတ်၊ ထိုကာလအပိုင်းအခြားကို စီးပွားရေးလုပ်ငန်းတစ်ခုစီအလိုက် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက သတ်မှတ်မည်။” လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။ အဆိုပါပုဒ်မ ပယ်ဖျက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသား စီမံကိန်းဌာနက ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေး အစိုးရအဖွဲ့သို့ တင်သွင်းသည့် အမှာစာမှာ “ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးဆောင် ရွက်နေပြီဖြစ်သောကြောင့် နိုင်ငံခြားငွေပင်ငွေရင်းကို ဖိတ်ခေါ်ရန် ရည်ရွယ်ချက်မရှိတော့ ပေ။ သို့ဖြစ်ရာ နိုင်ငံခြားငွေပင်ငွေရင်းဖိတ်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် အက်ဥပဒေတွင် ထည့်သွင်းထားခဲ့ သော အဆိုပါ ပုဒ်မ ၆၊ ပုဒ်မခွဲ (၁) ကို ဆက်လက်ထားရှိရန်လိုအပ်တော့မည် မဟုတ်ပါ။” လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ပထမဥပဒေ၏ နိဂုံး တော်လှန်ရေးကောင်စီ တက်လာပြီးနောက်ပိုင်း ၁၉၆၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ အမျိုးသားစီမံကိန်း ဝန်ကြီးဌာနက ပြန်တမ်းထုတ်ပြန်ပြီး ကော်မတီအဖွဲ့ဝင် ဖြစ်တဲ့ ဦးထွန်းဝင်း အမတ်ဟောင်း (မြန်အောင်)နဲ့ ဦးအေးမောင် အမတ်ဟောင်း (ပန်းတနော်) တို့ကို တာဝန်ကရပ်စဲလိုက်ပြီး ၎င်းတို့ရဲ့နေရာမှာ ဗိုလ်မှူးကြီး လှဟန်နဲ့ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခတို့ကို အစားထိုး ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေ၊ အစိုးရရဲ့ မူဝါဒနဲ့အညီ ငွေရင်းနှီးရေးကော်မတီဟာ နိုင်ငံတော်အတွက် အရေးပါတဲ့ကော်မတီတစ်ရပ် မဟုတ်တော့ဘဲ ခေတ်ပြောင်းစနစ်ပြောင်းမှာ ၁၉၅၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ငွေရင်းနှီးရေးအက်ဥပဒေရဲ့ အခန်းကဏ္ဍဟာလည်း တိမ်မြုပ်သွားခဲ့ ပါတော့တယ်။ ။