ဆောင်းပါးများ

ဆောင်းပါးများ

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာအောင်ထွန်းသက် ရေးသားသည့် “ ကျွန်တော်နဲ့ တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှု” ဆောင်းပါး...


ကျွန်တော်နဲ့ တာဝန်ကျေပွန်တဲ့ရင်းနှီးမြှုပ်နှံမှု


နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့အချက်တစ်ခုက ရင်းနှီး မြှုပ်နှံမှုပမာဏ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် တိုင်းပြည်ရဲ့ ထုတ်လုပ်မှုကို တွန်းအားပေးရာရောက်ပါတယ်။ အမှန်တော့ ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်အတွက် မြှုပ်နှံမှု တွေသာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာရင်းနှီးမြှုပ်နှံမှုကို အားပေးလျက် ရှိပါတယ်။


ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံတွေ အနေနဲ့လည်း ရင်းနှီးမြှုပ် နှံမှုကို ကြိုဆိုကြတယ်။ အားပေးကြတာတွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို စဉ်းစားတဲ့ နေရာမှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ပိုင်းရှိတာကို သတိပြု ရမှာ ဖြစ်ပါတယ်။


ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အခြေခံစဉ်းစားချက်က ရင်းနှီးမြှုပ်နှံသူရဲ့ သဘောထား ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူရဲ့ယုံကြည်မှုသည် ပဓာနကျတဲ့အချက်ဖြစ်တာ တွေ့ရတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့၊ ကြိုဆိုတဲ့ ပတ်ဝန်းကျင်ကို ဖန်တီး နိုင်အောင်ကြိုးစားလျက်ရှိတာတွေ့ရပါတယ်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လာရင် နိုင်ငံတိုင်းကအပြိုင်အဆိုင် ဆွဲဆောင်နေကြတယ်။ ယှဉ်ပြိုင်မှုအရှိန်အဟုန်အလွန် မြင့်မား တာတွေ့ရမှာဖြစ်တယ်။ မက်လုံးတွေ အမျိုးမျိုးပေးပြီး ဆွဲဆောင်နေကြတာ တွေ့ရတယ်။ သူ့ထက် ကိုယ်သာအောင် ကြိုးစားနေကြတယ်။


ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နဲ့ ပတ်သက်လာရင် လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ အခြေခံ အဆောက်အအုံ ပြီးပြည့်စုံမှု၊ ကျွမ်းကျင်လိမ္မာတဲ့ ဝန်ထမ်းရရှိရေး၊ ဥပဒေအာမခံ ပေးနိုင်ရေး၊ လုံလောက်တဲ့ အခွန်အခ ကင်းလွတ်မှု ရရှိရေး စတဲ့အချက်တွေဟာ အလွန်အရေးကြီးလှပါတယ်။ ဒီပတ်ဝန်းကျင် တစ်ရပ် ပေါ်လာနိုင်ဖို့ နိုင်ငံတော်အစိုးရ က တစ်ဖက်က ဦးဆောင်ဖို့ လိုအပ်သလို တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ အရေးကြီးမှာ ဖြစ်တယ်။


ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အခန်းကဏ္ဍ


ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖန်တီးတဲ့နေရာမှာ အလွန်အရေးပါတဲ့သော့ချက်က ရင်းနှီး မြှုပ်နှံမှု ကော်မရှင် တွေဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ အစိုးရတွေအနေနဲ့ ရင်းနှီး မြှုပ်နှံမှုကို ကြိုဆိုစိစစ်တဲ့ ယန္တရားတစ်ရပ် အနေနဲ့ ကော်မရှင်တွေကို တည်ထောင် ဖွဲ့စည်းကြပါတယ်။ အခေါ်အဝေါ် မတူညီပေမယ့် အနှစ်သာရက တူညီတာတွေ့ရှိရ ပါတယ်။


အာဆီယံနိုင်ငံတိုင်းမှာ ကော်မရှင်တွေကို တည်ထောင်ပြီး လှုပ်ရှားနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ(နဝတ)အစိုးရလက်ထက်ကစပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ အဆက်ဆက်မှာ ကော်မရှင်ဟာ လှုပ်ရှားခဲ့ပါတယ်။


လက်ရှိအစိုးရလက်ထက်မှာ ကော်မရှင်ဖွဲ့စည်းမှုကို ပုံစံအသစ်တစ်ခုအနေနဲ့ ဆောင်ရွက် ခဲ့တယ်။ ပုံမှန်အားဖြင့် ကော်မရှင်ဥက္ကဋ္ဌလုပ်သူဟာ တစ်ဖက်မှာ ဝန်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သလို တစ်ဖက်မှာလည်း ဥက္ကဋ္ဌတာဝန်ကို ပူးတွဲယူခဲ့တယ်။ ယခုအချိန်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိတာ တွေ့ရပါတယ်။


အင်ဒိုနီးရှားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဖြစ်သူဟာ တခြားတာဝန်တွေမရှိဘဲ ကော်မရှင်တာဝန်ကို ဝန်ကြီးအဆင့်ဖြင့် တာဝန်ယူလျက်ရှိတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌကို ဝန်ကြီးချုပ်ကိုယ်တိုင်တာဝန်ယူထားတာ တွေ့ရှိရ ပါတယ်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌတာဝန်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က တာဝန်ယူလျက် ရှိပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ရှေ့နေချုပ် ဦးထွန်းထွန်းဦး ပါဝင်ပြီး ကျန်အဖွဲ့ဝင်များက အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေ၊ အသိပညာရှင်အတတ် ပညာရှင် တွေ အပါအဝင် စုစုပေါင်း ၁၃ ဦးနဲ့ လှုပ်ရှားလျက်ရှိပါတယ်။


အတွင်းရေးမှူးတာဝန်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန့်ဇင်လွင်က တာဝန်ယူလျက်ရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွေကို ရန်ကုန်မြို့မှာ နှစ်ပတ်တစ်ကြိမ် ပုံမှန် ကျင်းပပါတယ်။ ကိုဗစ်-၁၉ ကာလမှာ Zoom meeting ကို အသုံးပြုပြီး ဆောင်ရွက်ခဲ့ ပါတယ်။ ယခုအချိန်မှာ ပုံမှန်အတိုင်း အစည်းအဝေးတွေ ကျင်းပလျက်ရှိပါတယ်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အဓိကတာဝန်နှစ်ရပ်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံသူ တွေ တင်သွင်းသော အဆိုပြုလွှာတွေကို စိစစ်မှုသည် ပထမတာဝန်ဖြစ်ပါတယ်။ အခုလို စိစစ်မှုမပြုမီ အဆိုပြုလွှာများကို အလွယ်တကူတင်သွင်းနိုင်ဖို့ အွန်လိုင်းစနစ်နဲ့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ချောမွေ့စွာ အဆင်ပြေမှုရှိဖို့ ခေတ်မီနည်းစနစ်တွေအသုံးပြုပြီး ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။


ခွင့်ပြုသင့်မသင့် စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အခြေခံစဉ်းစားချက်က တာဝန် ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ရမယ်ဆိုတဲ့ ပေတံကိုအသုံးပြုလျက်ရှိပါတယ်။ တစ်နည်း ပြောရရင် ရင်းနှီးမြှုပ်နှံမှုပမာဏ သာမက ရင်းနှီးမြှုပ်နှံမှုရဲ့ အရည်အသွေးကိုလည်း ဆန်းစစ် တွက်ချက်လျက်ရှိပါတယ်။


တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှု


တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို သုံးသပ်ရာမှာ ပုံစံအမျိုးမျိုးနဲ့ စိစစ်နိုင်တာတွေ့ရပါ တယ်။ အသုံးများတဲ့ ပုံစံတစ်ခုက ESG ပေတံဖြစ်တယ်။ Environment(E)ပတ်ဝန်းကျင်၊ Social(S) လူမှုရေး၊ Governance(G) စီမံအုပ်ချုပ်မှုဆိုတဲ့ အချက်သုံးချက်အပေါ် အခြေခံပြီး သုံးသပ်တာဖြစ်တယ်။ ပထမအချက်ဖြစ်တဲ့ ပတ်ဝန်းကျင်ဟာ အလွန် အရေးကြီးလှပါတယ်။


အထူးသဖြင့် မြန်မာနိုင်ငံ အနေအထားနဲ့ ဆင်ခြင်သုံးသပ်တဲ့ နေရာမှာ ပိုပြီးသတိပြုရမှာဖြစ်တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အလေးမထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံအနှံ့မှာတွေ့ရှိရပါတယ်။
စီးပွားရေး အကျိုးအမြတ်တစ်ခုတည်းသုံးသပ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်နေတာတွေ့ရပါတယ်။


သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရမယ့် တာဝန်လုပ်ငန်းအားလုံးက ဦးထိပ်ထားရမှာ ဖြစ်တယ်။ တစ်လောက ကချင်ပြည်နယ်ဖားကန့်ဒေသမှာ ဖြစ်ပေါ်လာခဲ့တဲ့ အနေအထား တွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်းမှုကြောင့် ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အလွန်လှပတဲ့ သဘာဝပတ်ဝန်းကျင်တွေ ရှိပါတယ်။ ဥပမာအားဖြင့် မြိတ်ကျွန်းစုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ပါက အလွန် ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပါတယ်။ ဒီဒေသမှာ ဟိုတယ်ခရီးသွား လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ လိုတဲ့သူတွေရှိတာ တွေ့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ အဆိုပြုလွှာတွေကို သတိထားပြီးစိစစ်ခဲ့ ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ (Social) လူမှုရေးအကျိုးဆက်တွေဟာ အရေးကြီးလှ ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ လူမှုရေးနဲ့ပတ်သက်တဲ့ ဆိုးကျိုး တွေမဖြစ်အောင် ဂရုစိုက်ပြီး စိစစ်ခဲ့ပါတယ်။
နောက်ဆုံးအချက်ကတော့ စီမံအုပ်ချုပ်မှု Governance (G) ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ တင်သွင်းတဲ့ ကုမ္ပဏီလုပ်ငန်းတွေရဲ့ စီမံအုပ်ချုပ်မှုဟာ အလွန်အရေးကြီးလှ ပါတယ်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အတွင်းရေးမှူးအဖွဲ့ဟာ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဖြစ်ပါတယ်။ ဦးစီးဌာနဟာ မြန်မာနိုင်ငံမှာ ကုမ္ပဏီ တွေဖွဲ့စည်းပြီး စီးပွားရေးလုပ်ငန်းတွေလုပ်လိုတဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင် ပေးတဲ့ ဦးစီးဌာန ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ စီမံအုပ်ချုပ်မှုဟာ အလွန်အရေးကြီးတဲ့ အခြေခံ တစ်ခုဖြစ်ပါတယ်။ အခုချိန်မှာအများပိုင်ကုမ္ပဏီ ဖွဲ့စည်းမှုဟာ ခေတ်စားနေတာတွေ့ရပါ တယ်။ ဒါကြောင့် နေရာတိုင်းမှာအများပိုင်ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲနေတာ တွေ့ရ ပါတယ်။


အမှန်တော့အများပိုင်ကုမ္ပဏီတစ်ခုမှာ ရှိသင့်ရှိအပ်တဲ့အရည်အချင်းတွေ၊ လုပ်ထုံးလုပ်နည်း တွေရှိပါတယ်။ အခုလိုကုမ္ပဏီတွေကို စနစ်တကျဖွဲ့စည်းမှုရှိခြင်းဟာ အခြေခံတစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။


စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးတာဝန်ရှိခြင်း


အများပိုင်ကုမ္ပဏီနဲ့ပတ်သက်တဲ့ စီမံအုပ်ချုပ်မှုမှာ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ Board of Directors ဟာ အလွန်အချက်အချာကျပါတယ်။ စနစ်တကျဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံ အရည်အချင်းဟာ အရေးကြီးလှပါတယ်။ အထူးသဖြင့် ဒါရိုက်တာအဖွဲ့ဝင်တွေကို စနစ်တကျသင်တန်းပေးဖို့ လိုအပ်တာ ဖြစ်ပါ တယ်။


တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်တွေ့ ဖော်ဆောင်နိုင်ရန်အတွက် Corporate Social Responsibility (CSR) ဆောင်ရွက်မှုဟာ အလွန်အရေးပါလာ ပါတယ်။ စီးပွားရေးလုပ်ငန်းများအနေနဲ့ လူမှုရေးတာဝန်ရှိခြင်းကို ဖော်ဆောင်ခြင်း ဖြစ်တယ်။ တစ်ချိန်က စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမြတ်ရရှိရေး တာဝန် တစ်ခု သာရှိကြောင်း သတ်မှတ်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်မှု ပေတံဟာ အမြတ်ရရှိရေးကို အာရုံပြုဖို့ အာရုံထားခဲ့ပါတယ်။


အခုခေတ်မှာတော့ စီးပွားရေးလုပ်ငန်းတွေမှာ PPP တာဝန်သုံးရပ်ရှိကြောင်း လက်ခံအသိအမှတ်ပြုခဲ့ပါ တယ်။ ပထမ P က (Profit) အမြတ်ဖြစ်ပြီး ဒုတိယ P က (People) လူတွေ ဖြစ်ပါတယ်။ လူလို့ပြောတဲ့နေရာမှာ ဝန်ထမ်းတွေသာမက ဖောက်သည်တွေ၊ ပိုင်ရှင်တွေ၊ လုပ်ငန်းရှင် တွေ ပါဝင်ပါတယ်။ တတိယ P ကတော့ (Planet) ကမ္ဘာမြေကြီး သဘာဝပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ အမြတ်ကိုကြည့်ဖို့ လိုအပ်တယ်။ လူတွေကိုလည်း ဂရုစိုက်ရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ရင်းနှီးမြှုပ်နှံလိုတဲ့ အဆိုပြုလွှာတွေ တင်သွင်းတဲ့နေရာမှာ CSR နဲ့ ပတ်သက်ပြီး အနည်းဆုံးနှစ်စဉ် အမြတ်ငွေရဲ့ ၂%-၅% ကို အသုံးပြုဖို့ အကြံပြုခဲ့ပါတယ်။ CSR ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အလှူအတန်း ဆောင်ရွက်မှုတွေသာမက မိမိလုပ်ငန်းနဲ့ ဆက်စပ်နေတာနဲ့ ပတ်သက်ပြီး (CSR) လုပ်ငန်းစဉ်တွေကို ဖော်ထုတ်ဖို့အကြံပြုပါတယ်။


တစ်ဆက်တည်းမှာ အဆိုပြုလွှာ တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ဖော်ထုတ်ခဲ့တဲ့ (UN Global Compact) အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့တိုက်တွန်းခဲ့ပါတယ်။ အဖွဲ့ဝင်ကုမ္ပဏီများ အနေနဲ့ တာဝန်လေးရပ်ကို တာဝန်ယူဖို့ကတိပြုရမှာဖြစ်တယ်။ ပထမအချက်က လူ့အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ခံရမှာဖြစ်တယ်။ ဒုတိယအချက် ကတော့ ဝန်ထမ်းတွေအပေါ် ပြုစုစောင့်ရှောက်ဖို့ ဖြစ်ပြီး တတိယအချက်က သဘာဝပတ်ဝန်းကျင် ကို ကာကွယ် စောင့်ရှောက်ထိန်းသိမ်းမှု ဖြစ်ပါတယ်။


နောက်ဆုံးအချက်ကတော့ အဂတိလိုက်စားမှုကို လုံးဝဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အကြံပြုချက်ကို အဆိုပြုလွှာတင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ကြည်ကြည်ဖြူဖြူ လက်ခံတာတွေ့ရပါတယ်။ အဖွဲ့ဝင် ကုမ္ပဏီတွေ အနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်း အသိအမှတ်ပြုကုမ္ပဏီဖြစ်လာပြီး မိမိရဲ့ ပုံမှန်လုပ်ငန်း တွေအတွက် အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို တစ်ဖက်မှကြိုဆိုခဲ့သလို တစ်ဖက်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရန် ကြိုဆိုတဲ့ဖိတ်ခေါ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ခဲ့ပါတယ်။ ဥက္ကဋ္ဌဦးစီးတဲ့အဖွဲ့တွေဟာ ပြည်ပခရီးစဉ်တွေကတစ်ဆင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။


ကိုဗစ်-၁၉ ကာလအတွင်း ထင်မှတ်ခဲ့သလို ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားခဲ့ခြင်း မရှိတာကို ဝမ်းသာစရာတွေ့ရပါတယ်။ မကြာမီကာလက ထင်ရှားလှတဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ အဆိုပြုလွှာတွေ တင်သွင်း လာခဲ့ပါတယ်။ သာမန်ကုမ္ပဏီတွေမဟုတ်ဘဲ အလွန်ကြီးမားလှတဲ့ လုပ်ငန်းတွေဖြစ်တာ တွေ့ရပါတယ်။ ကော်မရှင်က သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်တွေကို ပြည့်မီနိုင်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် “မ” သုံးလုံးကို ဦးထိပ်ထား ဖို့ လိုအပ်ပါတယ်။


ရင်းနှီးမြှုပ်နှံမှုတွေ “များ” ဖို့လိုတယ်။ “မြန်” ဖို့လိုတယ်။ “မှန်” ဖို့လို ပါတယ်။ “မှန်” ခြင်းဆိုတာဟာတာဝန် ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုသာ ဖြစ်ပါတယ်။ ။