ဆောင်းပါးများ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ CEO မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ၏ “နဂါးခေါင်းအလှည့်ပထဝီစီးပွားရေး” ဆောင်းပါး

နဂါးခေါင်းအလှည့် ပထဝီစီးပွားရေး

၂၀၂၀ အလွန်

  ၂၀၂၀ ပြည့်နှစ်ကတော့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး မျက်နှာစာမှာ အပြောင်းအလဲများစွာ ရှိခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ တရုတ်-အမေရိကန် ကုန်သွယ်ရေး တင်းမာမှု ပြင်းထန်လာခြင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့ခြင်း စတဲ့အခြေအနေတွေက ကမ္ဘာ့စီးပွားရေးကို အကျဘက်ဆွဲခေါ်သွားခဲ့ပြီး နိုင်ငံအများစုဟာ မိမိတို့နိုင်ငံရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြင်းအထန်ကုစား ဆောင်ရွက်ခဲ့ ကြရပါတယ်။ အပြုသဘောဆောင်တဲ့ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ ညီချက် (Regional Comprehensive Economic Partnership-RCEP) လက်မှတ်ရေးထိုးနိုင်ခဲ့ ခြင်းကလည်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်ကို ပြန်လည်အားကောင်းလာစေပြီး COVID-19 အလွန် စီးပွားရေးပြန်လည် ထူထောင်မှု အတွက် အထောက်အပံ့ ဖြစ်စေမယ်လို့လည်း မျှော်လင့်ရပါတယ်။ နိုင်ငံရေးမျက်နှာစာကို ပြန်ကြည့်လိုက်ရင် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု၊ ဂျပန်ဝန်ကြီးချုပ် အပြောင်းအလဲနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် ပါတီက သမ္မတလောင်း ဂျိုးဘိုင်ဒင် ရွေးချယ်ခံ ရမှုတွေဟာလည်း ပထဝီနိုင်ငံရေး မျက်နှာစာမှာ စိတ်ဝင်စားဘွယ်ရာ မျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။

          ထူးခြားမှုကတော့ ၂၁ ရာစုရဲ့ တတိယဆယ်စုနှစ်အတွက် အပြင်အဆင်တွေကို ၂၀၂၀ အတွင်းမှာ နိုင်ငံအများစုက ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ RCEP သဘောတူညီချက် အတွင်း က အိန္ဒိယ ထွက်ခွာသွားခြင်းဟာ တတိယဆယ်စုနှစ်အတွက် ၎င်းတို့ရဲ့ မဟာဗျူဟာ အခင်း အကျင်းအတွက် ခြေလှမ်းပြင်လိုက်ခြင်းလည်း ဖြစ်ဘွယ်ရှိပါတယ်။ ၂၀၂၁ ခုနှစ်ကစပြီး အင်အားကြီး နိုင်ငံများရဲ့ လှုပ်ရှားမှုတွေဟာ ပထဝီနိုင်ငံရေးဘက်ကို ပိုမိုဦးတည်ဘွယ်ရှိနေပြီး ၎င်းအတွက် ချဉ်းကပ်မှုမှာ ပထဝီစီးပွားရေး အပြင်အဆင်က အခရာဖြစ်လာမယ်လို့လည်း သုံးသပ်ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေနဲ့ ပြင်ဆင်မှုတွေက ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးနည်းဗျူဟာ မျိုးစုံဖြန့်ခင်းပြီး မူလနိုင်ငံရေး ရည်မှန်းချက်ကို ရောက်အောင် တွန်းတွန်း တိုက်တိုက် လုပ်ဘွယ်ရှိတယ်လို့လည်း အထင်အရှား တွေ့မြင်နေရပါ တယ်။

၂၀၂၁ ၊ ၂၀၃၅ ၊ ၂၀၄၉

         တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင် သမ္မတ တာဝန်စတင်ယူချိန်ကစပြီး ၂၁ ရာစု ပိုးလမ်းမ အစီ အစဉ် နဲ့ တရုတ်နိုင်ငံရဲ့ ဩဇာဖြန့်ကျက်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မျှော်မှန်းချက် တွေကို ကာလသတ်မှတ်ချက် တိတိကျကျထားရှိပြီး  အကောင်အထည်ဖော်  ဆောင်ရွက်လာတာ ကိုလည်း တွေ့ရပါတယ်။ ကာလအလိုက် ရည်မှန်းချက်တွေကို ပြန်သုံးသပ်ကြည့်ရင် ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ သက်တမ်းနှစ်တစ်ရာ ပြည့်မြောက်မယ့် ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံဟာ သင့်တင့်တဲ့ ကြွယ်ဝမှုရှိသော လူ့ဘောင်အဖွဲ့အစည်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်စေရ မယ်လို့ ကြွေးကြော်ခဲ့တာတွေ့ရပါတယ်။ ထပ်မံပြီး နိုင်ငံ ထူထောင်တဲ့ နှစ်တစ်ရာပြည့်ဖြစ်တဲ့ ၂၀၄၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့၊ ယဉ်ကျေးမှုတိုးတက်တဲ့၊ စည်းဝါးညီ ခေတ်မီ ဆိုရှယ်လစ်နိုင်ငံတစ်ခု ဖြစ်စေရမယ်လို့လည်း ထုတ်ဖော်ကြေညာခဲ့တာ တွေ့ရပြန်ပါတယ်။ ပိုမို ထူးခြားတာကတော့ ၂၀၂၁ နဲ့ ၂၀၄၉ ရဲ့ ကြားကာလဖြစ်တဲ့ ၂၀၃၅ ရည်မှန်းချက်နဲ့ အခင်းအကျင်း တွေကို ပြင်ဆင်ချမှတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

          ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်က ၂၉ ရက်အထိ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ ၅ ကြိမ်မြောက် စုံညီအစည်းအဝေးက တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကို ချမှတ်ခဲ့သလို သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂၀၃၅ ခုနှစ်အထိ လျာထားတဲ့ ကာလရှည် ရည်မှန်းချက်များ (Long-Range Objectives through the Year 2035) ကို အတည်ပြုခဲ့ပါတယ်။ ၎င်းက တရုတ်ပြည်ရဲ့ ၂၀၃၅ ခုနှစ် မျှော်မှန်းချက်တွေရဲ့ နှလုံးသည်းပွတ်ဆီသို့ ချီတက်ရာလမ်းကြောင်းကို ဘယ်အရာကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ “ဆိုရှယ်လစ်ခေတ်မီရေး အခြေခံ” လို့ ဖော်ညွှန်းတဲ့ ၂၀၃၅ ခုနှစ် မျှော်မှန်းချက်တွေထဲမှာ နောင် ၁၅ နှစ်အတွင်း တရုတ်နိုင်ငံဟာ ကြွယ်ဝသော၊ စိမ်းလန်းသော ၊ မျှတသော၊ ခန့်ညားလောက်သော စီးပွားရေးအင်အားကြီးနိုင်ငံ တစ်ခုဖြစ်လာပြီး အမေရိကန် နိုင်ငံရဲ့ ကမ္ဘာ့ထိပ်ဆုံးစီးပွားရေးနေရာကို အစားထိုးရယူသွားမယ်လို့လည်း ဆိုပါတယ်။ တရုတ် နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၄၀၀၀ အထိ ရောက်ရှိလာပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအရွယ်အစားဟာ ၂၀၃၂ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ကျော်တက်သွား မယ်လို့လည်း တွက်ချက်ထားပါတယ်။

          ၂၀၂၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ပထမ ဆုံး စတင်အသုံးပြုတဲ့ စကားလုံးကတော့ “ဒွန်တွဲလည်ပတ်မှု မဟာဗျူဟာ (Dual Circulation Strategy)” ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါ တယ်။ ပြည်တွင်းလည်ပတ်မှု (Internal Circulation) နဲ့ ပြည်ပလည်ပတ်မှု(External Circulation) ဆိုတဲ့ လည်ပတ်မှုနှစ်ခုကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းလည်ပတ်မှုက တရုတ်နိုင်ငံသားတွေရဲ့ မိသားစုဝင်ငွေနဲ့ စားသုံးမှုနှုန်းထား မြင့်မားရေးကို ဦးတည်သွားဘို့ဖြစ်ပြီး ပြည်ပလည်ပတ်မှုဆိုတဲ့ အစီအစဉ်က ကုန်သွယ်မှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုစီးဝင်ရေးအတွက် ဦးတည်ဆောင်ရွက်မယ်လို့လည်း ပြင်ဆင်ထားပါ တယ်။ အဆိုပါ ဒွန်တွဲလည်ပတ်မှု မဟာဗျူဟာကို တရုတ်အစိုးရက ၂၀၂၁ မှ ၂၀၂၅ အထိ အကောင် အထည်ဖော်ဆောင်ရွက်မယ့် ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းရဲ့ သော့ချက်ဦးစားပေး မဟာဗျူဟာ တစ်ခုအဖြစ် ချမှတ်ထားပါတယ်။ ဒွန်တွဲလည်ပတ်မှု မဟာဗျူဟာအရ တရုတ်နိုင်ငံအနေနဲ့ ပြည်ပပို့ကုန်အပေါ် အမှီပြုနေရတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရင်း ကိုယ်ပိုင်ဖူလုံမှုရရှိအောင် ဆောင်ရွက်နိုင်ရေးကို ထိန်းညှိသွားမယ်လို့လည်း ဆိုပါတယ်။ ၁၄ ကြိမ် မြောက် ၅ နှစ်စီမံကိန်း အပြင်အဆင်နဲ့ တရုတ်နိုင်ငံရဲ့ ၂၀၃၅ မျှော်မှန်းချက် အခင်းအကျင်း တွေကို သုံးသပ်လိုက်ရင် ရှီကျင့်ဖျင်အနေနဲ့ ၂၀၃၅ ခုနှစ်အထိ သမ္မတတာဝန် ဆက်လက် ထမ်းဆောင် သွားဘွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒီလို ထမ်းဆောင်နိုင်ဘို့အတွက် တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်မှာပါတဲ့ သမ္မတ တစ်ဦးဟာ သမ္မတသက်တမ်း နှစ်ကြိမ်ထက် ပိုမိုထမ်း ဆောင်ခွင့် မရှိတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။

မော်စီတုံးနဲ့ ရှီကျင့်ဖျင်

          တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အဆက်ဆက်မှာ မော်စီတုံးပြီးရင် တန်ခိုးအထွားဆုံး ပုဂ္ဂိုလ် ဟာ သမ္မတရှီကျင့်ဖျင် ဖြစ်တယ်လို့ အားလုံးက သတ်မှတ်ထားကြပါတယ်။ ရှီကျင့်ဖျင် ကိုယ်တိုင် ကလည်း မော်စီတုံးကို အလေးအနက်ထားတာကို တွေ့ရပြီး မော်စီတုံးရဲ့ ဒဏ္ဏာရီတွေက ရှီကျင့်ဖျင် အပေါ်မှာ သက်ရောက်မှု အများအပြား ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။


တရုတ်ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ ကိန်းဂဏန်းနဲ့ သက်ဆိုင်တဲ့ အစွဲအလမ်းတွေနဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ကြပါတယ်။ မော်စီတုံးက ၈၃၄၁ ဂဏန်းကို နှစ်သက်ခဲ့ပါတယ်။ ယုံကြည်မှု ကြီးမားသူတွေကတော့ ၈၃၄၁ ဂဏန်းဟာ မော်စီတုံးကိုယ်တိုင် ကြိုတင်တွက်ချက် ယုံကြည်ခဲ့တဲ့ ဂဏန်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ၈၃၄၁ ဂဏန်းဟာ မော်စီတုံး ငယ်စဉ်က တော်လှန်ရေး ကာလ အတွင်း ၎င်းကိုင်ဆောင်ခဲ့တဲ့ သေနတ်နံပါတ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မော်စီတုံး ကိုယ်တိုင်က ၈၃၄၁ တပ်ဖွဲ့မှာ ခေါင်းဆောင်ဖြစ်ခဲ့ပြန်ပါသေးတယ်။ ၎င်း အာဏာရပြီးနောက်ပိုင်းမှာ တရုတ် နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း လုံခြုံရေးကို အနီးကပ် တာဝန်ယူပေးရတဲ့ တပ်ရင်းအမှတ်ကိုလည်း ၈၃၄၁ လို့ သတ်မှတ်ခဲ့ပြန်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မော်စီတုံးဟာ တရုတ်ပြက္ခဒိန်အရ အသက် ၈၃ နှစ် ၊ ၎င်းအာဏာရတဲ့ သက်တမ်း ၄၁ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မော်စီတုံး ရဲ့ ဂဏန်းကို အလေးအနက်ထားတဲ့ အနေနဲ့ ၁၉၉၃ ခုနှစ်က မော်စီတုံး မွေးနေ့ နှစ်တစ်ရာပြည့် အထိမ်း အမှတ်အဖြစ် တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ ဂြိုလ်တု အတွင်းမှာ ၈၃၄၁ ဆိုတဲ့ဂဏန်းကို ရွှေပြား ပေါ်ထွင်းဖောက်ရေးသားပြီး ထည့်သွင်းပေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ၂၀၃၅ မျှော်မှန်းချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အချို့မီဒီယာတွေက ၂၀၃၅ ကို ရှီကျင့်ဖျင်ရဲ့ ဂဏန်းလို့ ဖော်ညွှန်းလာကြပါတယ်။ ရှီကျင့်ဖျင်ဟာ တရုတ်ခေါင်းဆောင် ပိုင်း လုံခြုံရေးတပ်ရင်း ၈၃၄၁ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၅၃ ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၃၅ ခုနှစ်မှာ ၎င်းရဲ့အသက်ဟာလည်း တရုတ်ပြက္ခဒိန်အရ ၈၃ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ တရုတ် ခေါင်းဆောင်အနေနဲ့ အစွဲအလမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းရဲ့ အစီအမံနဲ့ အပြင်အဆင်တွေကတော့ တရုတ်ပြည်ဆက်လက် ချီတက်မယ့် လမ်းကြောင်းကို နှစ်ကာလ ကန့်သတ်ချက် အတိအကျနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြထားပြီး ဖြစ်ပါတယ်။

RCEP နဲ့ TPP

          ၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ RCEP ညှိနှိုင်းမှုဟာ ၈ နှစ်လောက် အချိန်ယူခဲ့ပြီး ဒီနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံနဲ့ မိတ်ဖက် ဖြစ်တဲ့ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ် စုစုပေါင်း ၁၅ နိုင်ငံက သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ RCEP ဟာ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ပို့ကုန်ရဲ့ ၂၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားပါတယ်။ ဒါပေမယ့် RCEP အတွင်း ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်ရင် တရုတ်နိုင်ငံက လူဦးရေအရ ၆၄ ရာခိုင်နှုန်းနဲ့ ဂျီဒီပီအရ ၅၅ ရာခိုင်နှုန်း ပါဝင်နေတာကိုလည်း တွေ့ရပြန်ပါတယ်။ မူဝါဒအရ RCEP ဟာ အာဆီယံဗဟိုချက် (ASEAN Centrality) ဖြစ်သော်ငြားလည်း အနေအထားအရ တရုတ်ရဲ့ ထုထည်က အခရာဖြစ်တာ ကိုလည်း တွေ့ရပါတယ်။


          တကယ်တော့ RCEP မပေါ်မီကတည်းက အမေရိကန် ဦးဆောင်တဲ့ ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု (Trans-Pacific Partnership-TPP) ဆိုတဲ့ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကို ၂၀၀၈ ခုနှစ်မှာ စတင်ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။ TPP မှာ အာဆီယံထဲက ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်တို့အပြင် ဒေသတွင်းက ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နဲ့ အမေရိကတိုက်က ကနေဒါ၊ ချီလီ၊ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ အဓိကကျနေတဲ့ RCEP ကို တုန့်ပြန်နိုင်ဘို့ TPP ညှိနှိုင်းမှုတွေကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ထရန့် အာဏာရပြီးတဲ့နောက်ပိုင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် နိုင်ငံက TPP က နုတ်ထွက်သွားတဲ့အတွက် TPP အားပျော့သွားခဲ့ပြီး RCEP က ပိုမိုအားကောင်း လာခဲ့ပါတယ်။ အမေရိကန် ထွက်သွားပြီးနောက်ပိုင်းမှာ TPP ကို Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP လို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး သဘောတူ စာချုပ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အသက်ဝင် ခဲ့ပါတယ်။ TPP က အမေရိကန် နုတ်ထွက်သွားပြီး ထရန့်ရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး  မူဝါဒတွေကြောင့် RCEP နိုင်ငံတွေ အနေနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဟာ ပိုမို အရေးကြီးလာကြောင်း သိမြင်ခဲ့ ကြပြီး ညှိနှိုင်းမှု ပိုမိုအားကောင်း မြန်ဆန်လာခဲ့တာလည်း တွေ့ရပါတယ်။


          RCEP မှာ တရုတ်ရဲ့ ထုထည်ကြီးမားနေပေမယ့် လေ့လာမှုအချို့ကတော့ တရုတ်နဲ့ အမေရိကန်အကြားမှာ ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးတင်းမာမှုက တရုတ်နိုင်ငံအပေါ်  ဆိုးကျိုး သက်ရောက်မှုကို RCEP က ဆောင်ကြဉ်းပေးမယ့် အကျိုးရလဒ်တွေက သိသာစွာ ကုစားပေးနိုင် ဘွယ်မရှိဘူးလို့လည်း ဆိုပါတယ်။ ပညာရှင်အချို့ရဲ့ သုံးသပ်ချက်အရ RCEP ရဲ့ အကျိုးကြောင့် တရုတ်နိုင်ငံ ဂျီဒီပီဟာ ၂၀၃၀ ခုနှစ်မှာ ၀.၈ ရာခိုင်နှုန်း တိုးတက်လာဘွယ်ရှိပေမယ့် ကုန်သွယ်မှု စစ်ပွဲကြောင့် တရုတ်ဂျီဒီပီအပေါ် ၀.၃၂ ရာခိုင်နှုန်း ထိခိုက်စေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက နှောင့်နှေးနေခဲ့တဲ့ တရုတ်-ဂျပန်-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်က RCEP ရလဒ်ကြောင့် သီးခြားထပ်မံညှိနှိုင်းစရာ မလိုဘဲ အစီအစဉ် ပြီးမြောက်သွားတဲ့သဘော တွေ့ရပြန်ပါတယ်။ အဆိုပါ သုံးနိုင်ငံအကြား စီးပွားရေး အကျိုးအမြတ် ဖြန့်ဝေမှု ပိုမိုအားကောင်းလာဘွယ်လည်း ရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုမှာ လက်ရှိအခြေအနေအရ ကုန်စည်များရဲ့ ၈ ရာခိုင်နှုန်းသာ အကောက်ခွန်ကင်းလွတ်ခွင့် ရနေရာက RCEP အသက်ဝင်သွားချိန်မှာ ၈၆ ရာခိုင် နှုန်းအထိ ကင်းလွတ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ အထူးအားဖြင့် ဂျပန်နိုင်ငံက မော်တော်ယာဉ် အပို ပစ္စည်းထုတ်လုပ်သူတွေအတွက် ဈေးကွက်အကြီးကြီး ရသွားမှာဖြစ်ကြောင်းလည်း သုံးသပ်တွေ့ရှိ ရပါတယ်။ အဖွဲ့ဝင် နိုင်ငံများအတွင်း ဖွံ့ဖြိုးမှုကွာဟနေပေမယ့် RCEP ကတော့ ဒေသတွင်း ပထဝီ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာ ဖြစ်ပါတယ်။

နဂါးခေါင်းအလှည့်

          တရုတ်နိုင်ငံဟာ ၎င်းရဲ့ အရှိန်အဝါ ဖြန့်ကျက်မှုကို နိုင်ငံရေးထက် စီးပွားရေးကစားကွက်ကို ဦးစားပေးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂနဲ့လည်း လွတ်လပ်သော ကုန်သွယ်မှုစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းနေတာရှိသလို အပျော့ထည်အင်အားဖြစ်တဲ့ ကုန်သွယ်မှု၊ ဝန်ဆောင်မှုတွေနဲ့ ဖြန့်ကျက်နေတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံအများစုအတွက် တရုတ်  နိုင်ငံဟာ လစ်လျူရှုဘို့ ခက်ခဲတဲ့ ဈေးကွက်ကြီးဖြစ်နေပြန်ပါတယ်။ တစ်ဖက်က ရပ်ဝန်းနဲ့ ပိုးလမ်းမ အစီအစဉ် (Belt & Road Initiative) နဲ့ ဒေသတွင်း ဆက်စပ်မှုကို အမာထည်ဖြစ်တဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေနဲ့ မြှင့်တင်ဘို့ ကြိုးစားနေရင်း တစ်ဖက်ကလည်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု စတဲ့ အပျော့ထည်တွေနဲ့လည်း ချဉ်းကပ်နေတာတွေ့ရပါတယ်။ ကမ္ဘာ့ ဈေးကွက်မှာ အမေရိကန်ဒေါ်လာရဲ့ လွှမ်းမိုးမှုကို ဒီဂျစ်တယ်ငွေကြေး အပါအဝင် နည်းလမ်းမျိုးစုံနဲ့ တွန်းလှန်ဘို့ ပြင်ဆင်နေတာကလည်း စိတ်ဝင်စားဘွယ် ကောင်းပါတယ်။ ပိုပြီး ထူးခြားတာက ရှီကျင့်ဖျင်က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံအနေနဲ့ TPP မှာ ပါဝင်ဘို့ စဉ်းစားသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာရှ-ပစိဖိတ်ဒေသကို လွတ်လပ်သော ကုန်သွယ်မှု ဒေသကြီး အဖြစ် ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဘို့လို့လည်း ဆိုပါတယ်။ တရုတ်ရဲ့ ကြေညာချက်ကို လတ်တလော တရုတ်နဲ့ ကုန်သွယ်ရေး တင်းမာမှုဖြစ်နေတဲ့ ဩစတြေးလျက ကြိုဆိုလိုက်ပါတယ်။ TPP ဟာ RCEP နဲ့ အခြေအနေမတူဘဲ အသက်ဝင်နေပြီဖြစ်တဲ့ သဘော တူညီချက်တစ်ခု ဖြစ်တဲ့အတွက် အကယ်၍ တရုတ်နိုင်ငံ ပါဝင်လာမယ်ဆိုရင် TPP ရဲ့ ထိရောက်မှု အခန်းကဏ္ဍက RCEP ထက် ပိုရှေ့ရောက်သွားမှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ TPP ရဲ့ ကနဦးပဲ့ကိုင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင် TPP ဘက်ကို ခြေဦး ပြန်မလှည့်ခင်မှာ လက်ဦးမှုရယူနိုင်ဘို့ ပြင်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။  ၂၁ ရာစုလွန် တတိယ ဆယ်စုနှစ်အဝင်မှာ ဖြစ်ပေါ်လာမယ့် နဂါးခေါင်းအလှည့်ဟာ ပထဝီစီးပွားရေး အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။


အောင်နိုင်ဦး (မန္တလေး)