သတင်းများ



နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး နှင့် စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Reform Workshop) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ကြီးဌာနဖြစ်ရေး၊ လုပ်ငန်းများပိုမိုလျင်မြန်ထိရောက်စွာဖြင့် လုပ်ဆောင်နိုင်မည့် ဝန်ကြီးဌာနတွင်း အုပ်ချုပ်စီမံခန့်ခွဲမှုစနစ်ကောင်းတစ်ခုပေါ်ပေါက်လာရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် တင်ခြင်း၊ ဌာနများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အချက်အလက်များ ကိုးကား အသုံးပြုခြင်းဖြင့် မူဝါဒပိုင်း၊ အုပ်ချုပ်မှုပိုင်းတွင်လည်း အရည်အသွေးပြည့်ဝသည့် ယန္တရား တစ်ရပ် ဖြစ်ပေါ်ရေးနှင့် စပ်လျဉ်း၍ ဖော်ထုတ်ဆွေးနွေးရန် ကိစ္စများကို မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မိမိဝန်ကြီးဌာန၏ ရှေ့ဆက်လက်သွားမည့် ခရီးစဉ်တွင် အားလုံးပါဝင်ပြီး ညီညွတ်ခိုင်မာသည့် အဖွဲ့အစည်း (Strong Institution) ဖြစ်လာစေရေး၊ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနတစ်ခုလုံးမှ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် ဦးဆောင်မှုပုံစံ Collective Leadership ဖြင့် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြော ကြားပါသည်။  

ထို့နောက် အမြဲတမ်းအတွင်းဝန်က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အစီအစဉ်များ၊ နောက်ခံအကြောင်းအရင်းနှင့် စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များကို ဆန်းစစ်သုံးသပ်ကာ လက်တွေ့အကောင်အထည် ဖော်နိုင်မည့် ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးစီမံချက် တစ်ရပ်ရေးဆွဲဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

နှစ်ရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသို့ အဓိကပါဝင်ဆွေးနွေးမည့် ဝန်ထမ်းများ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတို့မှ ဝန်ထမ်းများကလည်း Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။