သတင်းများ



နေပြည်တော် ၊၂၀၂၂ ခုနှစ် ၊ဧပြီလ ၁၉ ရက်
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်၍ ရုံးအမှတ်(၁)၊ နေပြည်တော်၌ ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၁ ရက်အထိ အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး၌ အဓိကဆွေးနွေးခဲ့သည့်အချက်များအား ပြန်လည်ချပြဆွေးနွေးခြင်းနှင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရာတွင် အာဆီယံမဏ္ဍိုင် (၃) ရပ်က ထည့်သွင်းသင့်သည့် အဓိက အချက်များကို အကြံပြုရန်တို့အတွက် ကျင်းပခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်း အဝေး၌ အာဆီယံအနေဖြင့် ၂၀၂၅ အလွန်မျှော်မှန်းချက်တွင် အာဆီယံ၏အချက် အချာကျမှုကို ဦးစားပေးရန်၊ အင်ဒို-ပစိဖိတ် ဒေသတွင် အာဆီယံ၏ ဦးဆောင်မှုနှင့် အရေးပါမှုကို မြှင့်တင်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနှင့်အစိမ်းရောင်စီးပွားရေးကိုအားပေးဆောင်ရွက်ရန်၊ ဒေသခွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ မဏ္ဍိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အာဆီယံ၏ အောင်မြင်မှုနှင့် အကျိုးရလဒ်များကို ပြည်သူများ အားလုံးသိရှိ ခံစားနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်တို့ကိုထည့်သွင်းရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း၊ အာဆီယံ အနေဖြင့်ကိုယ်ပိုင်ရံပုံငွေအရင်းအမြစ်များဖြင့်ရပ်တည်နိုင်ရန်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ၏စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် အစီအစဉ်များထည့်သွင်းရန် ဆွေးနွေးခဲ့ပါကြောင်း၊ အာဆီယံအသိုက်အဝန်း၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ထုံးလုပ်နည်းများကိုအသေးစိတ်ဆွေးနွေးအတည်ပြုခဲ့ကြောင်းနှင့် လုပ်ငန်းအဖွဲ့၏ ၂၀၂၂ ခုနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကိုလည်းချမှတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အာဆီယံအသိုက်အဝန်း၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းသင့်သည့် Core elements များနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းမဏ္ဍိုင် အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊အာဆီယံရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ရှင်းလင်း တင်ပြပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ဏ္ဍအလိုက် အာဆီယံ အသိုက်အဝန်း၂၀၂၅ အလွန်မျှော်မှန်းချက်တွင် ထည့်သွင်းအဆိုပြုမည့် အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃) ရပ်မှ ကိုယ်စားလှယ် စုစုပေါင်း ( ၅၀ ) ဦးခန့် ပါဝင်တက်ရောက်ကြပါသည်။