သတင်းများ

နေပြည်တော်၊ ဧပြီလ ၂၁ ရက်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ အစည်း အဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ပူးတွဲကော်မတီ အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ ဘရူနိုင်း နိုင်ငံ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနမှ Ms. Nor Zerlina Momin၊ ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနမှ Ms. Juliana Nam နှင့် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ Mr. Keawe Woodmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ညှိနှိုင်းမှုကိစ္စရပ်များ၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ အောက်ရှိ လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မှု အခြေအနေများ၊ ပူးတွဲကော်မတီ၏ လုပ်ငန်းအစီအစဉ်နှင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အဆင့်မြှင့် တင်ခြင်းဆိုင်ရာ ညှိနှိုင်းမှုများကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ မတိုင်မီ အပြီးသတ်ညှိနှိုင်းနိုင်ရေး အတွက် ပူးတွဲကော်မတီ အစည်းအဝေးများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။