သတင်းများ


နေပြည်တော် ဧပြီလ ၂၈ ရက်

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်တို့အကြား ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့်  တာတာစတန်သမ္မတ H.E. Mr. Rustam Nurgaliyevich Minnikhanov နှင့်ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ PARKROYAL Hotel ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အလားအလာများအပေါ် ဆက်လက်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံနှင့် တာတာစတန်တို့အကြား နှစ်ဖက်အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်း များပါဝင်သော စကားဝိုင်းဆွေးနွေးပွဲ (Roundtable Talks between Myanmar and Tatarstan Business Circles) ကို ဆက်လက်ကျင်းပခဲ့ရာ တာတာစတန်သမ္မတနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က ဦးဆောင်တက်ရောက်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်အလွန်ကာလ ဦးစားပေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ထားရှိမှုများ၊ မြန်မာ-တာတာစတန်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်နိုင်မည့် အလားအလာများနှင့်စပ်လျဉ်းပြီး အလေးထားပြောကြားခဲ့သည်။



ဆက်လက်၍ တာတာစတန်သမ္မတ H.E. Mr. Rustam Nurgaliyevich Minnikhanov က  နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်သော နယ်ပယ်အသစ်များမှတစ်ဆင့် အကျိုးတူ ဖက်စပ်စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ် ထုတ်လုပ်မှုအပါအဝင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အပြန်အလှန် အလုပ်သဘောခရီးစဉ်များဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ပညာသင် များအား တာတာစတန်၏မြို့တော် ကာဇန်ရှိ အဆင့်မြင့်တက္ကသိုလ်များတွင် ပညာသင်ကြား နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E.Dr.Nikolay LISTOPADOV က ဆွေးနွေးပွဲမှတစ်ဆင့် နှစ်ဖက်ချစ်ကြည် ရင်းနှီးမှုနှင့်အတူ စီးပွားရေးနယ်ပယ် အသီးအသီးတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးအတွက် သံရုံးအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာတာစတန်ပြည်နယ်၏ ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဖြစ်သူ H.E. Mr. Karimov Albert Anvarovich က မြန်မာနိုင်ငံနှင့် တာတာစတန်တို့အကြား အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ဆွေးနွေးတင်ပြခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင် မည့် ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာ ထုတ်လုပ်ရေး၊ ဆန်နှင့်ပဲမျိုးစုံ အဆင့်မြှင့်တင်ပို့ထုတ်လုပ်ရေးနှင့် ခရီး သွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။



နှစ်ဖက်ရှင်းလင်းတင်ပြမှုအပြီးတွင် မြန်မာ့ဆန်နှင့် လယ်ယာထွက်ကုန်များတင်ပို့မှုနှင့် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းများတင်သွင်းမှုတို့အတွက် ရည်ရွယ်သည့် စာလွှာ (Letter of Intent-LOI) နှစ်စောင်ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်း ချုပ်နှင့် တာတာစတန်ဘက်မှ JSC “RATSIN” တို့က လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည်။ အဆိုပါ LOI နှစ်စောင်ကို လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ထွက် ပစ္စည်းများ တင်ပို့နိုင်မည့်အခွင့်အလမ်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအတွက် လိုအပ် သော အရည်အသွေးမှီ ဓာတ်မြေသြဇာ များကို တင်သွင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်မည်ဖြစ်သည်။

ဆက်လက်ပြီး တာတာစတန်ဘက်မှ  စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှုအစီအစဉ် (Networking Session) ကို ပြုလုပ် ခဲ့ပြီး နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်လက်ပူး‌ပေါင်းဆောင်ရွက်မည့်ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

မြန်မာ-တာတာစတန် စီးပွားရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တာတာစတန်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ မြန်မာဘက်မှ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာန/အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင် အသင်းများမှ ကိုယ်စားလှယ်များ၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းနှင့် မြန်မာ-ရုရှား စီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း(၇၀)ဦး ပါဝင်တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။