သတင်းများ




နေပြည်တော်၊ ဧပြီလ ၂၆-၂၇ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဝါဝါမောင်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ၊ နံနက် ၀၈:၃၀ နာရီမှ စတင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ပူးတွဲကော်မတီ၏ ပထမအကြိမ်အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ပါဝင် တက်ရောက်သည်။
အစည်းအဝေးတွင် သဘာပတိများအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Djatmiko Bris Witjaksono နှင့် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိ Mr. Keawe Woodmoore တို့က ဆောင်ရွက် ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့မှ RCEP ပူးတွဲကော်မတီ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် Panel Proceedings အတွက် လုပ်ထုံးလုပ်နည်းစည်းမျဉ်းများနှင့် ကျင့်ဝတ်စည်းမျဉ်းကို အတည်ပြုခဲ့ပြီး RCEP ပူးတွဲကော်မတီ၏ လုပ်ငန်းအဖွဲ့ခွဲများကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် RCEP ပူးတွဲကော်မတီ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းများ၊ RCEP တွင် အိန္ဒိယနိုင်ငံ ပါဝင်လာရေး စည်းမျဉ်းများ၊ သဘောတူစာချုပ် အကောင်အထည် ဖော်ရေးအတွက် ပြင်ဆင်မှုများဖြစ်သည့် အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားချိတ်ဆက် ကူးပြောင်းမှုအခြေအနေ၊ RCEP အတွင်းရေးမှူးချုပ်ရုံးတည်ထောင်ရေး၊ ပင်ရင်းနိုင်ငံစည်းမျဉ်း ဆိုင်ရာ ကိစ္စရပ်များနှင့် RCEP ပူးတွဲကော်မတီ၏ လုပ်ငန်းအစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ စသည့်ကိစ္စရပ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံအနေဖြင့် RCEP သဘောတူ စာချုပ် အကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အကောက်ခွန်လျှော့ချမှု အစီအစဉ် ချိတ်ဆက်ကူးပြောင်းမှုအခြေအနေကိုတင်ပြခဲ့သည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။