သတင်းများ






နေပြည်တော် မေလ ၆ ရက်
၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ တွင် နှစ် (၅၀) ပြည့်မြောက်ခဲ့သည့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်၌ ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့၊ မွန်းလွဲ (၁) နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၏ နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုအဖွင့်အမှာ စကားပြောကြားရာတွင် ခေတ်အဆက်ဆက်အစိုးရများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများအတွက် မူဝါဒများချမှတ်ပြီး အမျိုးသားစီမံကိန်းများ ရေးဆွဲ၍ စီမံကိန်းများ အကောင်အထည်ဖော်ခဲ့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ပြည်ပချေးငွေနှင့် ငွေကြေးအထောက်အပံ့များ၊ ကျွမ်းကျင်မှု အကူအညီများရယူရေးနှင့် အခြားသောပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုဆိုရင် ရွှေရတုကာလ နှစ် (၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနအနေဖြင့် ရွှေရတုတိုင်အောင် နိုင်ငံတော်ကပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အရေးပါသည့်ဌာန ဖြစ်သည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် အကူအညီထောက်ပံ့မှုများ ရရှိအောင် ဆောင်ရွက်ပေးနိုင် သည့် ဌာနလည်းဖြစ်ပါကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေခံ အဆောက်အအုံများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်  ပံ့ပိုးမှုများ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနအနေဖြင့် ရွှေရတုတိုင် သမိုင်းအစဉ်အလာကောင်းများဖြင့် ဆောင်ရွက်နိုင်ခဲ့ မှုများအပေါ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ သည်။ ဆက်လက်၍ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဝန်ကြီးများ ကိုယ်စား ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဩဝါဒစကား ပြောကြားခဲ့ သည်။
ထို့နောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခဲ့သည့် ၁၉၇၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်မှုများ၊ အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်လာပုံ နှင့် နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားအတွက် ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စွမ်းစွမ်း တမံ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ဌာန၏ အောင်မြင်ထင်ရှားခဲ့သော သမိုင်းမှတ်တိုင်များနှင့် စပ်လျဉ်း၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့် က ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြမှုအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E Dr. Nikolay LISTOPADOV ၏ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ နှစ် (၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် ဂုဏ်ပြုစကားကို သံအမတ်ကြီးကိုယ်စား စီးပွားရေးကောင်စစ်ဝန် Mr. Andrei Iunak က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ရွှေရတုခရီးစဉ်တစ်လျှောက်ဌာန၏ ဆောင်ရွက်ချက် မှတ်တမ်းများ ဗွီဒီယို ပြသ ခြင်းနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခဲ့ချိန်မှ ယခုအချိန်အထိ နိုင်ငံတော် ကိုယ်စား နိုင်ငံတကာ၊ အပြည်ပြည်ဆိုင်ရာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းအများ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသနှင့် ဒေသ တွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အာဆီယံနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ဌာနတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်း များအား မှတ်တမ်းတင်ထုတ်ဝေသည့် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်သမိုင်းစာအုပ် ထုတ်ဝေ ခြင်း အစီအစဉ်တို့ကို ကျင်းပခဲ့သည်။
ထို့နောက် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန အငြိမ်းစားဝန်ထမ်းများနှင့် မျိုးဆက်သစ်ဝန်ထမ်းများ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ လုပ်သက် ၂၅ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၊ အခက်အခဲ အမျိုးမျိုး ကြားမှ ရုံးတက်ပျက်ကွက်ခြင်းမရှိဘဲ တာဝန်ကိုကြိုးစားထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့် အရာရှိများ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့သည်။