သတင်းများ

(၁၆) ကြိမ်မြောက် အာဆီယံ-ကနေဒါ  အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးနှင့် (၁၀) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် (တရုတ်) အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးတို့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကနေဒါနှင့် ဟောင်ကောင် (တရုတ်) တို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(၁၆) ကြိမ်မြောက် အာဆီယံ-ကနေဒါ  အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးတွင် အာဆီယံ-ကနေဒါ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကြေညာ ချက်ကို အကောင်အထည် ဖော်မည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မှတ်တမ်း တင်ခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန်လျာထားသည့် ပထမအကြိမ်မြောက် ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အတွက် ပြင်ဆင်ထားမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပရန်လျာထားသည့် (၁၁) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် (၁၀) ကြိမ်မြောက် အာဆီယံ−ဟောင်ကောင် (တရုတ်) အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးကို ကျင်းပခဲ့ရာ အာဆီယံ-ဟောင်ကောင် (တရုတ်)လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်နှင့် အာဆီယံ-ဟောင်ကောင်(တရုတ်)ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အကောင်အထည်ဖော်မှုအခြေအနေ စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် (၆) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က အာဆီယံ-ဟောင်ကောင်(တရုတ်) စီးပွားရေး နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်အောက်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံချက်များအတွက် ဟောင်ကောင်(တရုတ်)၏ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ အကောက်ခွန်လျှော့ချမှုဇယားကို စည်းဝါးညီစနစ် ၂၀၂၂ သို့ ကူးပြောင်းချိတ်ဆက်ပြီးစီးမှု အခြေအနေနှင့် “Hong Kong (China) – CLMV online investment forum” စီမံချက်အား မိမိတို့နိုင်ငံမှ အကောင်အထည်ဖော်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။