သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏  လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်  ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ပြည်ပတွင် ကျင်းပပြုလုပ်ခဲ့သည့် ကာလတို၊ ကာလရှည်သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminarများ ၊ အစည်းအဝေးပွဲများသို့ တက်ရောက်စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဝန်ထမ်းများမှ ၎င်းတို့တွေ့ကြုံ ခဲ့ရသော အသိပညာ၊ ဗဟုသုတနှင့် နိုင်ငံခြားပညာသင်များမှ လေ့လာသင်ယူခဲ့ရသော ဘာသာရပ် များကို မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားပြန်လည်မျှဝေသည့်ဆွေးနွေးပွဲ (Knowledge Sharing Programme - KSP) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပထမဦးစွာ ပြည်‌ထောင်စုဝန်ကြီးက ဝန်ထမ်းများစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာမျှဝေသည့် အစီအစဉ် (Knowledge Sharing Programme) ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားလည်ပတ်နိုင်ရန် ဆောင်ရွက်နေသော အင်အားစုများဖြစ်သဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်တက်လာခြင်း သည် နိုင်ငံတော်၏လုပ်ငန်းများ စွမ်းဆောင်ရည် ပြည့်ဝစေရေးအတွက်  များစွာအထောက်အကူ ဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားမှုသည် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများနှင့် လုပ်ငန်းကျွမ်းကျင်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဌာနခွဲမှ ညွှန်ကြားရေးမှူးက အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများ၏ စီးပွားရေးပေါင်းစည်းမှုဖြင့် ဆောင်ရွက်နေသည့်  အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ပေါ်ပေါက်လာမှု ၊ ဒေသတွင်း အေအီးစီ အကောင်အထည်ဖော်မှုများနှင့် မြန်မာနိုင်ငံ၏ အေအီးစီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့် အေအီးစီ ၂၀၂၅ အလွန် အာဆီယံက လိုက်ပါဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိများ၊  အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား (၁၀၀) ကျော် တက်ရောက်ကြပါသည်။

အဆိုပါ အသိပညာမျှဝေဆွေး‌နွေးပွဲ (Friday Talk) ကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။