သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၌ နေပြည်တော်၊ ရုံးအမှတ် (၁) တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အားပေးပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား မြန်မာ့ရိုးရာဓလေ့ကို သိမြင်စေရုံသာမက ဝန်ထမ်းများတစ်ဦးနှင့် တစ်ဦး အပြန်အလှန်  ချစ်ကြည်ရင်းနှီးမှု၊ ပျော်ရွှင်မှု၊ ညီညွတ်စွာစုပေါင်းလုပ်ဆောင်တတ်မှုကို ဖော်ဆောင်လိုသည့် ရည်ရွယ်ချက် ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာလူမျိုးတို့၏ စုပေါင်းထမနဲထိုးပြိုင်ပွဲသည် ပြိုင်ပွဲဟုဆိုသော်လည်း အနိုင်အရှုံးထက် စုပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှုတို့ကြောင့် ပျော်ရွှင်ရခြင်းကို ဖော်ညွှန်းသည့်အပြင် ထမနဲထိုးပြီးသည့်အခါ အချင်းချင်းမျှဝေပေးလေ့ရှိကြသည့် မြန်မာတို့၏ စေတနာသဒ္ဓါတရားကို ဖော်ကျူးပြသသည့် ရိုးရာဓလေ့ပွဲပင်ဖြစ်ပါကြောင်း၊ ထမနဲထိုးရာတွင် ထမနဲကောင်းရရှိရန် အစုအဖွဲ့ဖြင့် ညီညွတ်စွာ စုပေါင်းလုပ်ဆောင်မှသာ အောင်မြင်ပျော်ရွှင်ရသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထိုနည်းတူ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခန်းကဏ္ဍကို သေချာစွာ သိရှိနားလည်ပြီး နိုင်ငံ့ဝန်ထမ်းပီသစွာ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရာတွင် ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။  

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန(၂)ခု တို့မှဝန်ထမ်းများပါဝင်သည့် ပြိုင်ပွဲဝင် အဖွဲ့သုံးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသောအဖွဲ့များကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။