Covid-19 သတင်းများ








နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၈) ရက်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား Virtual စနစ်ဖြင့် လက်ခံခဲ့ပါသည်။

ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသောင်းထွန်းက လှူဒါန်းရသည့် အကြောင်း အရင်းများကို ပြောကြားရာတွင် -

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနား၊ ညမအား ဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဆေးရုံ/ ဆေးခန်း၊ အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုပါကြောင်း၊

• အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ပါက ဤကပ်ရောဂါကို ကျော်လွှားနိုင်မည်ဟုယုံကြည်ပါကြောင်း၊

• မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများက နိုင်ငံတော် အစိုးရနှင့် လက်တွဲကာ အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်မှုများအား ကြိုဆိုပါကြောင်း၊

• ဤသို့ လှူဒါန်းမှုများသည် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်မှုဖြစ်သဖြင့် ကြိုဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအနေဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက်
• MPRL E&P Group of Companies က အလှူငွေ ကျပ်သိန်း (၃၀၀)၊
• Ooredoo Myanmar Limited က အလှူငွေ အမေရိကန်ဒေါ်လာ (၂၅,၀၀၀)၊
• Wilmar Holding Ltd က အလှူငွေကျပ်သိန်း (၁၃၀)၊
• MYANWEN နှင့် အလှူရှင်များကိုယ်စား Medi Myanmar Group Ltd မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆုလှဟန်က အလှူငွေ ကျပ်သိန်း (၂၃၀)၊
• ဦးထွန်းနိုင်ဦး၊ Director Marga Landmark မှ အလှူငွေ ကျပ်သိန်း (၁၀၀)၊
• International Beverages Trading Co., Ltd y က အလှူငွေ ကျပ်သိန်း (၅၀)၊
• ဦးဇော်ဝင်းရှိန်၊ ဥက္ကဋ္ဌ၊ Pathein Industrial City မှ အလှူငွေ ကျပ်သိန်း (၅၀)၊
• ဦးအောင်မြတ်၊ ဥက္ကဋ္ဌ၊ Mother Group of Companies က အလှူငွေ ကျပ်သိန်း (၅၀)၊
• ဦးစံလင်း၊ ဥက္ကဋ္ဌ၊ Super Seven Star က အလှူငွေ ကျပ်သိန်း (၅၀) တို့ကို Virtual စနစ်ဖြင့် လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများကို COVID-19 လူနာများ၏ အသက်ကိုကယ်တင်နေသည့် ဆေးရုံများမှ ဝန်ထမ်းများ၊ ရောဂါကူးစက်ပြန့်ပွားမှုနှုန်းကို ကျဆင်းစေရေးပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများ၊ လူနာများအား ကုသမှုပေးရင်း ကူးစက်မှုခံရသော ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်စားလက်ခံခြင်းဖြစ်ပြီး အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း၊

• လှူဒါန်းငွေများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်ကာ ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများ၊ အသွားအလာကန့်သတ်ရာနေရာများ၊ အနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာနေရာများတွင်လည်းကောင်း၊ တစ်ကိုယ်သုံးရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများဝယ်ယူရာတွင်လည်းကောင်း၊ ဆေးရုံများတွင် အောက်ဆီဂျင်ပိုက်လိုင်းများတပ်ဆင်ရာတွင်လည်းကောင်း၊ အထူးကြပ်မတ်ကုသဆောင်များ တိုးချဲ့အဆင့်မြှင့်တင်ရာတွင်လည်းကောင်း အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

• ထိုသို့ အသုံးပြုခြင်းဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများပိုမို ကောင်းမွန်မည်ဖြစ်ကာ လူအများ၏ အသက်ကိုကယ်ဆယ်ကုသရာတွင် အသုံးချခြင်းဖြစ်သဖြင့် လှူဒါန်းသူများအနေဖြင့် သိရှိဝမ်းမြောက်ကြစေလိုပါကြောင်း၊

• ယခု COVID-19 ကူးစက်မှု ပမာဏနည်းပါးစေရန်နှင့် ကာလကို တိုတောင်းစေရန်မှာ ပြည်သူများ၏ စည်းကမ်းလိုက်နာ ပါဝင်ဆောင်ရွက်မှု အတိုင်းအတာပေါ်၌ မူတည်နေပါကြောင်း၊

• မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံအရ ယခုလိုသီတင်းကျွတ်အချိန်ကာလ၌ မိဘ၊ ဘိုးဘွားများနှင့် ဆရာသမားများကို ဂါရဝပြုကန်တော့ခြင်းများ ပြုလုပ်ကြပါကြောင်း၊

• ကန်တော့ကြသူအများစုသည် ကျန်းမာ၍အသက်ငယ်ရွယ်သူများ ဖြစ်ကြသော်လည်း ရောဂါလက္ခဏာမပြဘဲ COVID-19 ပိုးကူးစက်နေသူများ ဖြစ်နိုင်သည့်အပြင် ကန်တော့ခံသူများသည်လည်း အသက်အရွယ်ကြီး၍ ရောဂါအခံတစ်မျိုးမျိုးရှိနေနိုင်ပါကြောင်း၊

• ယခုကဲ့သို့ COVID-19 ကပ်ရောဂါဖြစ်ပွား နေချိန်တွင် လူအများစုဝေး သွားရောက်ကန်တော့ခြင်းဖြင့် COVID-19 ကူးစက် ဖြစ်ပွားနိုင်ချေရှိပါကြောင်း၊

• သို့ဖြစ်၍ COVID-19 ရောဂါကူးစက်မှု ဘေးကင်းစေရေးအတွက် ဝန်ကြီးဌာနမှ အကြံပြု လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြစေရန်မှာ အရေးကြီးပါကြောင်း၊ လှူဒါန်းမှုအခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ထိုသို့ အကြံပြုချက်နှင့်စည်းကမ်းများလိုက်နာရေး သတင်းစကားကို ထပ်ဆင့်ဝေမျှပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

Credit: MOHS