Covid-19 သတင်းများ


နေပြည်တော်၊ ဒီဇင်ဘာလ ၂

 

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေး ကော်မတီ၏ တတိယအကြိမ် အစည်းအဝေး (၃/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၁) ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ကော်မတီအတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာ မြလေးစိန်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေး၌ COVID Emergency Response Plan (CERP) အရ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရည်အသွေးပြည့်မီ၍ ဈေးနှုန်းမှန်ကန်သည့် ဆေးနှင့် ကုသရေး ပစ္စည်းများ ဝယ်ယူသုံးစွဲခဲ့သည့် အခြေအနေများ၊ လိုအပ်နေသေးသည့် ဆေးနှင့် ဆေးပစ္စည်းများ ကို ထပ်မံဝယ်ယူမည့် ကိစ္စရပ်များ နှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအကူ အညီချေးငွေများဖြင့် ဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ COVID 19 ကာကွယ်ဆေး အပါအဝင် ကာကွယ်ကုသရေးနှင့် သက်ဆိုင်သည့် ဝယ်ယူထားသည့် ဆေးနှင့် ဆေးကိရိယာများ သတ်မှတ်ကာလအတွင်း အချိန်မီရောက်ရှိ ဖြန့်ဝေနိုင်ရေး အရည်သွေးမှီစွာ ထိန်းသိမ်းသိုလှောင်နိုင်ရေး ကိစ္စရပ်များအပေါ် အဖွဲ့ဝင်များမှ ဆွေးနွေးကြပါသည်။

 

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးရရှိလာပါက သတ်မှတ်ထား သည့် အအေးခန်းသိုလှောင်မှုစံနစ်ဖြင့် ထိန်းသိမ်းသယ်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်စီစဉ် ဆောင်ရွက်ထားနိုင်ရေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းပါဝင်လာရေးအတွက် လိုအပ်သော စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း များ ရေးဆွဲနိုင်ရေး၊ mask campaign ဆောင်ရွက်နေသည့် နေရာများတွင် Glucometer နှင့် pulse oxymeter များကို ထားရှိ၍ ပြည်သူများကို ဆန္ဒအလျောက် စစ်ဆေးပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

 

ထို့နောက် ကာကွယ်ဆေးနှင့်စပ်လျဉ်း၍ ကမ္ဘာ့တစ်ဝှမ်းထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအခြေအနေများ အရ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအသီးသီးမှ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေးရရှိရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များနှင့်လည်းကောင်း၊ နှစ်နိုင်ငံအနေဖြင့်လည်းကောင်း ဆွေးနွေးဆောင်ရွက်နေမှုများ၊ ပြည်တွင်း ၌ ထုတ်လုပ်နိုင်ရေး အလားအလာများနှင့် သိုလှောင်ဖြန့်ဖြူးရေးနှင့် ကာကွယ်ဆေးထိုးနှံရေး ကိစ္စများကို ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ဘက်စုံလွှမ်းခြုံသည့် မဟာဗျူဟာတစ်ရပ် ရေးဆွဲအကောင် အထည်ဖော်နိုင်ရေးအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူရေး ကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြပါသည်။

 

ထို့အပြင် ကာကွယ်ဆေးနှင့် စပ်လျဉ်း၍ မိမိနိုင်ငံ၏ ဆောင်ရွက်နေမှုများကို အများပြည်သူများသို့ အသိပညာပေးသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။