Covid-19 သတင်းများ




နေပြည်တော်၊ အောက်တိုဘာ ၂၇


ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) ၏ အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား ဦးဆောင်သော အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ အား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန   လက်ခံတွေ့ဆုံပါသည်။

ထိုသို့လက်ခံတွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကCOVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရင်ဆိုင်ကြုံတေွ့နေရသည့် စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စီးပွားရေးတိုးတက်မှု အခြေအနေများကို အသိပေး ပြောကြားခဲ့ပြီး COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)နှင့် COVID-19 ကပ်ရောဂါအလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူ‌ထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်(MERRP)ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါကကြိုဆိုမည်သာ ဖြစကြောင်း ပြောကြားသည်။

အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာစွာဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ခွင့်ပြုလျက်ရှိသည်ကိုသိရှိရသည့် အတွက် အသိအမှတ်ပြုကြောင်း ပြောကြားပါသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍများတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့်ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို ဆွေးနွေးပါသည်။ အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေးအတွက် လိုအပ်သောနည်းပညာအကူအညီများကို ဆက်လက်အထောက်အပံ့ပေးလို ကြောင်းလည်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဈေးကွက်ရရှိ‌ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့အတွက် နည်းပညာအကူအညီပေးရန် အသင့်ရှိကြောင်းနှင့်နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေးနှင့် ပတ်သက်၍ဆွေးနွေး ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစိုးရအရာရှိများ တက်‌ရောက်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုဘက်မှဒီအက်ဖ်စီ၏ အမှုဆောင်အရာရှိချုပ် နှင့်အတူ အမေရိကန်ပို့ကုန်-သွင်းကုန်ဘဏ်၊ ဘဏ္ဍာထိန်း ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိအမေရိကန်သံရုံးတို့မှ အကြီးတန်းအရာရှိများလည်း ပါဝင်တက်‌ရောက်ခဲ့ကြသည်။

ဒီအက်ဖ်စီသည် အမေရိကန်အစိုးရကချမှတ်ခဲ့သည့် Better Utilization of Investments Leading to Development Act (BUILD) အရ ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံများက စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းပညာကဏ္ဍများတွင်ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဒီအက်ဖ်စီသည် ပုဂ္ဂလိကကဏ္ဍအပါအဝငဖွံ့ဖြိုးဆဲနိုင်ငံများ၏စီမံကိန်းများ၊ နည်းပညာသစ်များအသုံးချရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံသွားရန်မျှော်မှန်းထားကြောင်းသိရှိရပါသည်။