Covid-19 သတင်းများ


နေပြည်တော်၊ မေလ ၅ ရက်

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေးကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၁)၊ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက် ရောက်ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခင်နှစ်က Covid-19 ရောဂါ ကူးစက်မှု အခြေအနေအရ ကာကွယ်ရေး ၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက် ခဲ့ရကြောင်း၊ ယခုအခါ  ကာကွယ် ထိန်းချုပ်ထားနိုင်မှု အခြေအနေ ပိုမို ကောင်းမွန်လာသည်ကို တွေ့ရသဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေနှင့်အညီ ကော်မတီအနေဖြင့် လုပ်နည်းလုပ်ဟန် ပြင်ဆင် ဆောင်ရွက်သွားရန် လိုပါကြောင်း၊  ပြည်တွင်း၌ COVID-19 ၏ သက်ရောက်မှုအပေါ် ပြန်လည် တုန့်ပြန်နိုင်ရန်အတွက် ရေးဆွဲထားသော COVID-19 စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက် (CERP) အရ စီးပွားရေး လုပ်ငန်းများ အတွက်သာမက အခြားသော ဘဏ္ဍာရေး ဖြေလျော့ပေးမှုများ၊ စီးပွားရေးလုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရေး လုပ်ငန်းစဉ်များ၊ ကျန်းမာရေးကဏ္ဍ အဆင့် မြှင့်တင်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ   မြန်မာနိုင်ငံ စီးပွားရေးပြန်လည် ဦးမော့စေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) ကို ရေးဆွဲ၍ ဆက်လက် ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေတွင် မိမိတို့ အိမ်နီးနားချင်းဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့အပြင် ကမ္ဘာ့နိုင်ငံအချို့၌ COVID-19 တတိယလှိုင်း၏ ကူးစက်ပျံ့နှံ့မှုနှင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ် နေပါသဖြင့် ယင်းအခြေအနေတို့အပေါ် လေ့လာသုံးသပ်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်း ကိရိယာအပါအဝင် လိုအပ်ချက်များကို မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ အချိန်မီ ပူးပေါင်းပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကာကွယ်ရေး၊ ကုသရေးနှင့် ပညာပေး လုပ်ငန်းများ အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွားရန် အရေးကြီးသဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန်၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများအတွက်လည်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များက ဆေးနှင့်ဆေးပစ္စည်းကိရိယာများအား လေကြောင်းလိုင်းများ ဖြင့် နိုင်ငံတစ်ဝှမ်း သယ်ယူပို့ဆောင်ပေးမှုအခြေအနေများ၊ CERP အရ COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဝယ်ယူထားသည့် ဆေးနှင့်ဆေးပစ္စည်းများ အခြေအနေ၊ ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံ/ အဖွဲ့အစည်းများမှ လှူဒါန်းထားသည့် ပစ္စည်းများ လက်ခံရရှိမှုအခြေအနေ၊ လက်ရှိ ပြည်တွင်းကူးစက်မှုများအတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို ထပ်မံဝယ်ယူရမည့် ကိစ္စရပ်များ၊  ဆက်စပ်လုပ်ငန်းစဉ်များနှင့် အသီးသီးဆွေးနွေးအကြံပြု တင်ပြကြသည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာကော်မတီဝင်များ၊ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။