Covid-19 သတင်းများ


နေပြည်တော်၊ ဒီဇင်ဘာလ ၃ ရက်


COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၀) ကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပပါသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌက လုပ်ငန်းကော်မတီအနေဖြင့် COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ပုံမှန်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ COVID-19 ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ် ပေးရေးကိုလည်း ဆက်လက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပထမအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၄ ခုသို့ ငွေပမာဏ ကျပ် ၁၀၁.၉၂၈၃ ဘီလီယံကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ်  လုပ်ငန်းပေါင်း ၂၉၃၉ ခုသို့ ချေးငွေကျပ် ၆၄.၆၆၈၀ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း ၊ လုပ်ငန်း ကော်မတီသို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြလာသည့် ကိစ္စရပ် များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း COVID-19 ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ကြိုတင်တွက်ဆကာ ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက COVID-19 ကြောင့်ဖြစ်ပေါ်နေသည့် စီးပွား ရေးဆိုင်ရာသက်ရောက်မှုများအပေါ် ဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ထုတ်ပေးထားသည့်  ချေးငွေများအပေါ် ထိရောက်မှု ဆန်းစစ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာ အခြေအနေများ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌက ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြ ပါသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြုစုရေးဆွဲထားသော COVID-19 ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်အရ “ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ” ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ် မြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီသို့ ဝန်ကြီး ဌာန၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့တင်ပြလာသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။