Covid-19 သတင်းများ

နေပြည်တော်၊ ဇူလိုင်လ ၁၆ ရက်


COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင့် ပတ်သက်သည့် ပစ္စည်းများ တင်သွင်းမှု ချောမွေ့စေရေး၊ ရုံးပိတ်ရက် ကာလများအတွင်း အဆိုပါ ပစ္စည်းများ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် ဌာနအလိုက် လုပ်ထုံးလုပ်နည်းဆိုင်ရာများ  ကြိုတင်ညှိနှိုင်းရေး၊ စားကုန် ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့သည့် COVID-19 ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) တွင် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။


အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက COVID-19 Fund မှ ထုတ်ချေးပေးသည့် ချေးငွေများအပေါ် တိုင်းဒေသကြီး/ ပြည်နယ် ချေးငွေစိစစ်ကြပ် မတ်ရေးအဖွဲ့များက စိစစ်တွေ့ရှိမှု များနှင့် ပတ်သက်၍လည်းကောင်း၊ COVID-19 ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအသီးသီးက တင်ပြလာမှုများအပေါ် လုပ်ငန်းကော်မတီ က ဆက်လက်ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊  မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) (မူကြမ်း) ကိုလည်း သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲ လျက်ရှိသည့် အခြေအနေနှင့်  ပတ်သက်၍လည်းကောင်း၊ လတ်တလောကာလတွင် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မမှန်ကန်သည့် သတင်းများ လူမှုကွန်ယက်များတွင် ဖြန့်ဝေပြီး လူထုစိတ်မသက်မသာဖြစ်စေရေးနှင့် ချောက်ခြားစေရန် ဆောင်ရွက်နေမှုများအပေါ်   ဝန်ကြီးဌာန အလိုက် သတင်းမှန်များ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရေးနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက COVID-19 ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများက ပြန်လည်တင်ပြလာသည့် အချက်များနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။