ပြင်ပသတင်းများ

နေပြည်တော်၊ အောက်တိုဘာ (၁)

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးထောင်ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
စက်တင်ဘာလ (၂၉) ရက်နေ့ နံနက်က Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) အစည်းအဝေးတွင် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းအွန်လိုင်းအစည်းအဝေးကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဌဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။



အစည်းအဝေး၌ ဆောင်ရွက်ဆဲလုပ်ငန်း (၄) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြုခဲ့သည်။

ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၄၇.၈၅) သန်းနှင့် ကျပ် (၂၃၄၁၁.၂၅၅) သန်းရှိကာ ထိုလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၉၁၅) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်ဟု သိရှိရသည်။
၂၀၂၀ပြည့်နှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားပြီး နိုင်ငံ/ဒေသပေါင်း (၅၁) ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတို့တွင် ရင်းနှီးမြှုုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။



ရင်းနှီးမြှုုပ်နှံမှုကဏ္ဍများအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၃၂) % ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍက ရင်းနှီးမြှုုပ်နှံမှုစုစုပေါင်း၏ (၂၆.၂၃) % ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၃၁) % ဖြင့်လည်းကောင်း အများဆုံး ဝင်ရောက်ထားသည်။


မြန်မာအစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၅.၈) ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး သြဂုတ်လအထိ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၅.၁) ဘီလံယံကျော်အား ပြည်တွင်း၌ ဝင်ရောက်ရင်းနှီးမြှုုပ်နှံရန် ခွင့်ပြုထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်သော စာရင်းများအရသိရှိရသည်။

ထိုပမာဏသည် ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လအလို (၁၁လ) ကာလတွင် ခွင့်ပြုခဲ့သော ပမာဏဖြစ်ပြီး စက်တင်ဘာ (၃၀) ရက်နေ့က ကုန်ဆုံးခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုး၏ သက်ရောက်မှုများ ရှိခဲ့သော်လည်း ယခင်ဘဏ္ဍာနှစ် (၂၀၁၈-၂၀၁၉) ကထက် အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော် ပိုမိုဝင်ရောက်ထားခြင်းဖြစ်သည်။ သို့ရာတွင် ခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက်က မနှစ်ကထက် ပိုမိုလျှော့နည်းကြောင်း DICA ၏ မှတ်တမ်းများအရ သိရှိရသည်။


မြန်မာနိုင်ငံအနေဖြင့် တာဝန်သိစီးပွားရေးလုပ်ငန်းများမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖြစ်ထွန်းစေရန် မြန်မာရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ် (MIPP) အား ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ရေးဆွဲထားပြီး လက်ရှိတွင် ၎င်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောဆိုထားသည်။

လက်ရှိအချိန် နိုင်ငံ၏ စီမံအုပ်ချုပ်မှုတာဝန်ယူထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရလက်ထက် အစိုးရသက်တမ်း (၄) နှစ်ကျော်ကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ (၂၄) ဘီလီယံကျော်ကို ခွင့်ပြုထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းမှတ်တမ်းများအရ သိရှိရသည်။

Credit: BETV Business News