ပြင်ပသတင်းများ

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နှင့် ၁၈ ရက်တို့၌ ကျင်းပ ပြုလုပ်သည့် မဲခေါင်သိပ္ပံအုပ်ချုပ်ရေးဘုတ်အဖွဲ့အစည်းအဝေးများဖြစ်ကြသည့် မဲခေါင်သိပ္ပံ ဦးဆောင်ကော်မတီအစည်းအဝေး (၂/၂၀၁၉) နှင့် မဲခေါင်သိပ္ပံကောင်စီ အစည်းအဝေး (၂/၂၀၁၉) တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ် ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ၂၀၁၉ ခုနှစ် ဒုတိယ (၆) လပတ်အတွင်း မဲခေါင်သိပ္ပံ၏ လုပ်ငန်းဆောင်ရွက်ချက် များ၊ စီမံကိန်းအကောင်အထည်ဖော်မှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ၂၀၂၀ ပြည့်နှစ်တွင် မဲခေါင်သိပ္ပံ၏ ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေနှင့်  စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲခေါင်သိပ္ပံ၏ မဟာဗျူဟာ စီမံချက် (၂၀၂၁-၂၀၂၅) ချမှတ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများနှင့် မဲခေါင်သိပ္ပံနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ မဲခေါင်သိပ္ပံမှ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် Regional and Local Economic Development-EWEC project စီမံကိန်းများမှာ နိုင်ငံ၏ ဦးစားပေးလုပ်ငန်းများဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက် ရေး၊ နယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူ ပြုပါကြောင်း၊ မဲခေါင်သိပ္ပံ၏ မဟာဗျူဟာစီမံချက်အသစ် (၂၀၂၁-၂၀၂၅) ရေးဆွဲရာတွင် ဒေသတွင်း လက်ရှိအကောင်အထည်ဖော်လျက်ရှိသော ဂျီအမ်အက်စ်၊ အာဆီယံတို့၏ မဟာ ဗျူဟာ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် အထောက်အကူပြု စေမည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၏ စွမ်းဆောင် ရည်မြင့်မားရေးတို့ကို ဦးတည်စဉ်းစားရေးဆွဲရန်နှင့် အနာဂတ်တွင် ကြုံတွေ့လာရမည့် Regional Comparative Economic Partnership (RCEP) ကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အသစ်များ၌ ပါဝင် လာမည့် အလုပ်သမားရေးရာကိစ္စနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် ပါဝင်မည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် အစိုးရ-ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံးကို ပါဝင်လာအောင် စီစဉ်ရေးဆွဲသင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ မဲခေါင်သိပ္ပံဘုတ်အဖွဲ့ဝင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ New Zealand Aid Program ကဲ့သို့သော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ စုစုပေါင်း (၃၀) ခန့် ပါဝင် တက်ရောက်ခဲ့ကြသည်။