ပြင်ပသတင်းများ


ဆွေဦးဝေ
အိမ် ရှေ့ခန်းအမှောင်ထဲမှာ ထိုင်နေရင်း ဖျတ်ခနဲလာတဲ့ လျှပ်စစ်မီးရောင်ကြောင့် စိတ်ကျဉ်းကျပ်မှုတွေ လျော့ကျပေါ့ပါးသွား ပါတယ်။ လျှပ်စစ်ဓာတ်အားကို အဓိက အားထားပြီး နေ့စဉ်လူမှုဘဝကို ဖြတ်သန်းနေ တဲ့ ရန်ကုန်မြို့နေပြည်သူတွေအတွက်ကတော့ လျှပ်စစ်ဓာတ်အား အပြတ်အတောက်မရှိဘဲ ဖူလုံစွာရရှိရေးက အရေးပါနေတဲ့အနေအထား မှာ ရှိပါတယ်။ အရင်ကထက်စာရင် ရန်ကုန်မြို့ ဟာ ဓာတ်အားဖြတ်တောက်မှု သိသိသာသာ လျော့ကျသွားတာမို့ အတိုင်းအတာတစ်ခုထိ စိတ်ကျေနပ်မှု ရရှိနေကြတာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိစေဖို့ အတွက် ရန်ကုန်မြို့မှာ ဓာတ်အားပေးစက်ရုံသစ် တစ်ခုတည်ဆောက်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။


ရင်းနှီးမြှုပ်နှံဆောင်ရွက်


ဒီလျှပ်စစ်ဓာတ်အား စက်ရုံကတော့ ရန်ကုန်မြို့ ဆင်ခြေဖုံးဖြစ်တဲ့ သီလဝါမှာ တည်ဆောက်မှာဖြစ်ပြီး ဂျပန်ကုမ္ပဏီတွေ သုံးခုက ပြည်တွင်းက ဧဒင်အုပ်စုနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီစက်ရုံဟာ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနဲ့ ၂ ဘီလီယံခန့်ကို ရင်းနှီးမြှုပ်နှံဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။


လျှပ်စစ်ဓာတ်အား လိုအပ်မှုရှိနေ


ရန်ကုန်မြို့နေ ပြည်သူတွေဟာ အိမ်ထောင်စုအသုံးအဆောင် လျှပ်စစ်ပစ္စည်း တွေ တဖြည်းဖြည်းနဲ့ အသုံးပြုမှုများလာတာ တွေ၊ ရွှေ့ပြောင်းနေထိုင်ကြတဲ့ လူဦးရေများပြား လာတာတွေ၊ စက်ရုံ၊ အလုပ်ရုံနဲ့ စက်မှုဇုန်တွေ တိုးချဲ့လာတာတွေကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်မှု ရှိနေဆဲဖြစ်ပါတယ်။ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ဆိုတာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံတွေ၊ လေ၊ နေ၊ ရေနဲ့ ကျောက်မီးသွေးစတဲ့ အရာတွေ ကတစ်ဆင့် ထုတ်လုပ်ရယူနိုင်တာမို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး နည်းလမ်း နဲ့ ရယူနိုင်ရေး ကြိုးစားအကောင်အထည် ဖော်နေကြတာဖြစ်ပါတယ်။
အခုတည်ဆောက်ဖို့စီစဉ်နေတဲ့ သဘာဝ ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံဟာ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၂၅၀ ထုတ်လုပ် ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။ ဒီစီမံ ကိန်းကို အကောင်အထည်ဖော်တည်ဆောက် မယ့် ဂျပန်ကုမ္ပဏီတွေကတော့ Marubeni, Sumitomo Corp နဲ့ Mitsui တို့ပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေက သီလဝါမှာ သဘာဝဓာတ်ငွေ့ ရည်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင် ရေး စီစဉ်နေတာဖြစ်ပါတယ်။


၂၀၂၅ ခုနှစ်မှာ စတင်လည်ပတ်နိုင်


ဒီဂျပန်ကုမ္ပဏီသုံးခုက စုပေါင်းရင်းနှီး မြှုပ်နှံမှုပြုလုပ်ကာ တည်ဆောက်အကောင် အထည်ဖော်ရင် လာမယ့် ၂၀၂၅ ခုနှစ်မှာ ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလည်ပတ်ခဲ့ရင် မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ စွမ်းရည်နဲ့စတင်လည်ပတ်နိုင်မှာဖြစ်ပါတယ်လို့ သိရပါတယ်။ ဒီဓာတ်အားပေးစက်ရုံလည်ပတ်တဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်ရော၊ ရန်ကုန်မြို့ရဲ့ ဓာတ်အားလိုအပ်ချက်တွေကိုပါ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေး နိုင်မှာ ဖြစ်ပါတယ်။


ရင်းနှီးမြှုပ်နှံမှုတွလိုအပ်


မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကိုကြည့်ရင် တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းက နေပြီး ၂၀ ရာခိုင်နှုန်းအထိ တိုးတက်နေတာမို့ ဒီလိုဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွေ လိုအပ်နေတာဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေအားလုံး ဟာ ငွေကြေးရင်းနှီးမြှုပ်နှံမှုအပြင် နည်းပညာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေလည်း လိုအပ် တာမို့ အများအားဖြင့်‌တော့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေကိုသာ ဒီကဏ္ဍအတွက် မျှော်လင့် အားကိုးနေရတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့သာမက ရန်ကုန်မြို့ရဲ့ စက်မှုဇုန်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အထူး ဇုန်နဲ့ အခြားမြို့ပြ စီမံကိန်းသစ်တွေ အပြင် နောက်ထပ်စီမံကိန်းအသစ်တွေအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ပေးနိုင်ဖို့ လိုအပ်တာတော့ အမှန်ပါပဲ။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ပြည်ပက ဝင်ရောက်လိုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။


အဓိကအချက်တစ်ချက်


ဒါ့အပြင် ပြည်တွင်းကစီးပွားရေးလုပ်ငန်း တွေ၊ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ ရှင်သန်ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ဆိုတာ ငွေကြေးအရင်းအနှီးအပြင် လျှပ်စစ် ဓာတ်အား ပြည့်ဝဖူလုံစွာရရှိရေးကလည်း အဓိကအချက်တစ်ချက်အနေနဲ့ တည်ရှိနေ ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ လျှပ်စစ် ဓာတ်အားတွေ ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံတော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေက ကြိုးစားဆောင်ရွက်နေကြတာဖြစ်ပါတယ်။


လိုအပ်နေတဲ့ဓာတ်အားဖြည့်ဆည်း


အခုတည်ဆောက်ဖို့ အစီအစဉ်ရှိနေတဲ့ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေး စက်ရုံဟာ လိုအပ်နေတဲ့ဓာတ်အားဖြည့်ဆည်း ဖို့ အရေးပါတဲ့ ထောက်ပံ့မှုတစ်ခုဖြစ်ပါတယ်။ LNG စွမ်းအင်ဝယ်လိုအားဟာ အရှေ့တောင် အာရှမှာ ဈေးသက်သာတဲ့ ကျောက်မီးသွေး ထက် စွန့်ပစ်ဓာတ်ငွေ့များ ထွက်ရှိမှုနည်းတဲ့ အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖွံ့ဖြိုး လာတော့မှာဖြစ်တယ်လို့ နိုင်ငံတကာ လျှပ်စစ် စွမ်းအင်ဆိုင်ရာ သုတေသနပညာရှင်တွေက သုံးသပ်ထားပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ LNG မှ ဓာတ်အားမဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မယ့်စက်ရုံ စီမံကိန်းတစ်ခုကိုလည်း ကျောက်တန်းမြို့နယ် အတွင်းမှာ တည်ဆောက်လျက်ရှိပါတယ်။ ဒီစီမံကိန်းအတွက် လိုအပ်တဲ့ LNG သင်္ဘော ဆိုက်ကပ်မယ့်ဆိပ်ကမ်း၊ ဓာတ်အားပေးစက် တွေတပ်ဆင်ဖို့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ ၂၀ လက်မ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်း တဲ့လုပ်ငန်းတွေ၊ ဓာတ်အားခွဲတိုးချဲ့ခြင်းစတဲ့ လုပ်ငန်းတွေကို အပြီးဆောင်ရွက်နေပြီ ဖြစ်ပါတယ်။



ရန်ကုန်မြို့မှာ အလုံ၊ သာကေတနဲ့ သန်လျင်ဓာတ်အားပေးစက်ရုံတွေသာမကဘဲ ကျွန်းချောင်းကျောက်ဖြူ ဓာတ်အားပေးစက်ရုံ စီမံကိန်း ငါးခုကနေပြီး ဓာတ်အားပမာဏ ၁၀၇၂ ဒသမ ၀၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေးကို တင်ဒါအောင် ကုမ္ပဏီတွေက ဆောင်ရွက်နေ ကြတာဖြစ်ပါတယ်။ အလုံဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတွေက တင်ဒါအောင်ပြီး ဆောင်ရွက်နေတာဖြစ်သလို သန်လျင်ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ သာကေတ ဓာတ်အားပေးစက်ရုံစီမံကိန်းက လည်း တရုတ်အခြေစိုက်ကုမ္ပဏီတွေက လုပ်ကိုင်နေတာဖြစ်ပါတယ်။


ဂျပန်ကုမ္ပဏီတွေက အကောင်အထည်ဖော်

အခုလည်း သီလဝါမှာ သဘာဝဓာတ်ငွေ့ရည်မှ ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်း ကို ဂျပန်ကုမ္ပဏီတွေက အကောင်အထည်ဖော် တော့မှာဖြစ်ပါတယ်။ “ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ကန်ဒေါ်လာ နှစ်ဘီလီယံတန် LNG ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ဖို့ အနိုင်ရခဲ့ပြီ”လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက သူ့ရဲ့လူမှုကွန်ရက် တွင် မှတ်ချက်ပြုထားပါတယ်။
ဒီစက်ရုံက ထုတ်လုပ်နိုင်တဲ့ဓာတ်အားဟာ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုစာ ရှိတယ် လို့လည်း ဂျပန်ကုမ္ပဏီတွေက ဆိုထားတာမို့ စီမံကိန်းပြီးစီးမယ့် ၂၀၂၅ ခုနှစ်မှာတော့ ရန်ကုန် မြို့အပါအဝင် စက်မှုလုပ်ငန်းတွေသာမက နိုင်ငံတော်ရဲ့ ဓာတ်အားစနစ်ထဲကို ဖြည့်ဆည်း ဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ။