ပြင်ပသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ မိတ်ဆက်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီမှ ကိုယ်စားလှယ်များနှင့် ဌာဆိုင်ရာ အသီးသီး မှ တာဝန်ရှိသူများ နှင့် ပုဂ္ဂလိက ကဏ္ဍနှင့် သတင်းမီဒီယာများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ နှင့်ယင်း၏လုပ်ငန်းအဖွဲ့ (၅) ဖွဲ့သည် အလွန်အရေးပါပါကြောင်း၊ တာဝန်ယူမှုရှိပြီးအရည် အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို အားပေးမြှင့်တင်ခြင်းဖြင့် မျှတပြီးကြွယ်ဝ သည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော စက်မှုလုပ်ငန်းများအတွက် အထောက်အကူပြုမည့်  ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းလည်း ဖြစ်ပါကြောင်းနှင့် နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာရန် အဓိကကျသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိသည့် အစိုးရ၏ ကြိုးပမ်းမှုများကို ထင်ဟပ်စေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Chief Representative ဖြစ်သူ Mr. Masayuki KARASAWA နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် JICA မှ Team Leader ဖြစ်သူ Mr. Kazuo Mishima တို့က ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ (IPC) နှင့် စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက် များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာ-ဂျပန်ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee − JCC) အဖွဲ့ဝင်များ၊ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်တွင်း၊ ပြည်ပ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များနှင့် သတင်းမီဒီယာများစုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။