ပြင်ပသတင်းများ

ဇင်လင်းမြင့်

ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မော်တော်ယာဉ်တွေ၊ လူတွေနဲ့ ပုံမှန်အတိုင်း ပြန်လည် လှုပ်ရှားသွားလာနေပြီ ဖြစ်ပါတယ်။ စက်ရုံ အလုပ်ရုံတွေ၊ ဈေးတွေနဲ့ စီးပွားရေးလုပ်ငန်း တွေလည်း ပြန်လည်လူးလွန့်နိုးထလာနေ ပါတယ်။ ကျန်းမာရေးသတိနဲ့ အသိရှိရှိ သွားလာနေထိုင်ကြဖို့ နိုင်ငံတော်ကလည်း အမြဲသတိပေးလျက်ရှိနေချိန် ဖြစ်ပါတယ်။ အချို့ စီးပွားရေးလုပ်ငန်းတွေ နှေးကွေးနေဆဲ ဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုကတော့ တိုးတက်လျက် ရှိနေဆဲဖြစ်ပါတယ်။


ဖြည်းဖြည်းချင်းတိုးတက်နေ

တစ်လကို နှစ်ကြိမ် ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အခု ဇူလိုင်လရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု သုံးခုနဲ့ ပြည်တွင်းရင်းနှီး မြှုပ်နှံမှု တစ်ခုကို ခွင့်ပြုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖြည်းဖြည်းချင်း တိုးတက်နေတာဟာ ကိုဗစ်-၁၉ ကာလမှာတော့ ထူးခြားမှုတစ်ရပ်အဖြစ် သုံးသပ်လို့ရနေတာ ဖြစ်ပါတယ်။


ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကတော့ တရုတ်၊ ဗီယက်နမ်၊ ဟောင်ကောင်နဲ့ Samoa တို့ ကဖြစ်ပြီး သူတို့တွေက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၄ သန်းခန့် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးမှ သိရပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေက စီးပွားရေးလုပ်ငန်း ရှစ်ခုမှာ ပြုလုပ်ကြမှာဖြစ်လို့ ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အလုပ်အကိုင်ပေါင်း ၆၀၀၀ အထိ ရရှိ

ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ CMP စနစ်နဲ့ ဆောင်ရွက်မယ့် အဝတ်အထည်တွေ၊ အိတ်တွေ၊ အားကစားဆိုင်ရာပစ္စည်းအမျိုးမျိုးတွေ၊ ဦးထုပ် နဲ့ သိုးမွေးထည် ထုတ်လုပ်မှုအမျိုးမျိုးတွေ၊ ဟိုတယ်လုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒီလိုစီးပွားရေးလုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၀၀၀ အထိ ရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။


အလုပ်အကိုင်အခွင့်အလမ်းတွေရှိ

တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန် ၂၉ ဇုန်နဲ့ အထူးစီးပွား ရေးဇုန်တစ်ခု တည်ရှိနေပြီး လုပ်ငန်းတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒီလို စက်မှုဇုန် တွေနဲ့ အထူးစီးပွားရေးဇုန်မှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ လူငယ်လူရွယ်တွေဟာလည်း သိန်းနဲ့ချီ ရှိနေပါတယ်။ ရန်ကုန်ဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ လူငယ်အများစု အလုပ် အကိုင်တွေ လာရောက်လုပ်ကိုင်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေရှိနေတဲ့ မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။


အခုလို ကိုဗစ်-၁၉ နဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာ နိုင်ငံအတွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ စီးပွားရေးလုပ်ငန်းမျိုးစုံ ထိခိုက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်ရုံအလုပ်ရုံအချို့ ပိတ်သိမ်းခဲ့ရတာရှိသလို အခုလို စီးပွားရေးလုပ်ငန်းသစ်တွေ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတာလည်း ရှိနေပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကလည်း တရုတ်နိုင်ငံက ရင်းနှီး မြှုပ်နှံမှု သုံးခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကို ခွင့်ပြုပေးခဲ့ပါသေးတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေက အမေရိကန်ဒေါ်လာ ကိုးသန်းကျော်ရှိပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၃၀၀၀ ကျော်ကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။


ပုံမှန်ဝင်ရောက်မှုရှိနေ

အခုလို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးကဏ္ဍတွေပေါင်းစုံမှာ ကိုဗစ်-၁၉ ကြောင့် အနည်းနဲ့အများ ထိခိုက်မှုတွေ ရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီးမှာတော့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေဟာ အလုံးအရင်းနဲ့ မဝင်ရောက်ပေမယ့် ဖြည်းဖြည်းချင်း ပုံမှန်ဝင်ရောက်မှု ရှိနေပါတယ်။

မြန်ဆန်စွာ စိစစ်ခွင့်ပြုပေးနေ

တကယ်တော့ ရန်ကုန်မှာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ အမေရိကန် ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်ငွေသန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုတွေ အတည်ပြု ပေးခွင့်ရှိနေတာဖြစ်ပါတယ်။ ဒီလိုကြောင့်လည်း ရန်ကုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံ လိုသူတွေအနေနဲ့ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးနိုင်တဲ့ လုပ်ငန်း ငွေကြေးပမာဏအရ မြန်ဆန်စွာ စိစစ်ခွင့်ပြုပေးနေနိုင်တာ ဖြစ်ပါတယ်။


ဆက်စပ်စီးပွားရေးလုပ်ငန်း

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်မှာ ပြုလုပ်တဲ့ ဒီနှစ်ရဲ့ (၈) ကြိမ်မြောက် ရန်ကုန် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အစည်းအဝေးမှာလည်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တစ်ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေက CMP စနစ်နဲ့ အဝတ်အထည်ချုပ်လုပ်ငန်း၊ ဆန်နဲ့ပြုလုပ်တဲ့ မုန့် အမျိုးမျိုးလုပ်ငန်း၊ ဆန်ကွတ်ကီး၊ ဆန် ဘီစကစ်၊ ဆန်ခရက်ကာ စတဲ့မုန့်တွေ ထုတ်လုပ် တဲ့လုပ်ငန်းတွေ ထုတ်လုပ်ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေကနေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀၀ ခန့် ရရှိစေမှာဖြစ်သလို ဆက်စပ်စီးပွားရေး လုပ်ငန်းတွေလည်း ထွက်ပေါ်စေမှာ ဖြစ်ပါ တယ်။ ဒါက ပြီးခဲ့တဲ့ မေလက ဖြစ်တာမို့ ကိုဗစ်-၁၉ ကာလမှာ ရင်းနှီးမြှုပ်နှံမှု ရှိနေခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု သုံးခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကို ခွင့်ပြုပေးခဲ့နိုင်ပါတယ်။ အဲဒီ လုပ်ငန်းတွေက ဆန်ကြိတ်ခွဲခြင်းနဲ့ ဆန်ချော ဖြစ်အောင် ဖွပ်ခြင်းလုပ်ငန်းတွေအပြင် လက်ကိုင်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်။


ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ လူငယ် လူရွယ် အမျိုးသား၊ အမျိုးသမီးတွေကို သိန်းနဲ့ ချီကာ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိ အောင် ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အသစ်တည်ဆောက်ဖို့ရှိနေတဲ့ မြို့သစ်စီမံကိန်းတွေ၊ စက်မှုဥယျာဉ်မြို့တော်တွေ၊ စမတ်စီးတီးတွေ၊ စက်မှုဇုန်အသစ်တွေအပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တွေဟာလည်း မကြာမီအချိန်အတွင်းမှာ စတင်တော့မှာ ဖြစ်ပါတယ်။

စီးပွားရေးမြို့တော်တစ်ခု

ပြည်ထောင်စုအဆင့်က ခွင့်ပြုထားပြီး ဖြစ်တဲ့ စီမံကိန်းလုပ်ငန်းတွေအပြင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတွေက ခွင့်ပြု ထားတဲ့လုပ်ငန်းတွေ အများအပြားရှိနေပါ တယ်။ ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီနဲ့ ပုဂ္ဂလိက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေလည်းရှိနေတာမို့ ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်တစ်ခုလို ပုံမှန် လည်ပတ်နေတာ ဖြစ်ပါတယ်။ အခုလို ကိုဗစ်-၁၉ ကာလမှာလည်း စီးပွားရေးလုပ်ငန်းကဏ္ဍ အသီးသီးမှာ ပြန်လည်ရုန်းထကာ ကြိုးစား ဆောင်ရွက်နေတဲ့ လုပ်ငန်းအများအပြား ရှိနေပါတယ်။


နိုင်ငံတော်က ပံ့ပိုးမှု၊ အလုပ်ရှင်တွေရဲ့ ကြိုးစားမှုကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်လုပ်ငန်းဆောင်ရွက်နိုင်တာမို့ အလုပ်သမားတွေလည်း လုပ်ငန်းခွင်အသီးသီးကို ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်နေကြပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရန်ကုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကလည်း လစဉ် ရှိနေတာမို့ ရန်ကုန်မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ရပ်တန့်မနေဘဲ ဖြည်းဖြည်းချင်း ပုံမှန် လည်ပတ်နေတာ ဖြစ်ပါတယ်။ လာမယ့် လတွေမှာလည်း ရန်ကုန်မှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ရှိနေဦးမှာ သေချာနေတာ အမှန်ပါပဲ။ ။

Credit: MNA

              ဇင်လင်းမြင့်