ပြင်ပသတင်းများ


(ဧပြီလ ၃၊ ၂၀၂၀)


   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သို့ နိုင်ငံတော်အစိုးရ၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။ အဆိုပါ သဝဏ်လွှာအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်  ဉက္ကဋ္ဌ ဉီးသောင်းထွန်းက UMFCCI အသင်းချုပ် ဉက္ကဋ္ဌ ဉီးဇော်မင်းဝင်း ထံသို့ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ပါသည်။


      အဆိုပါ သဝဏ်လွှာ၌ UMFCCI အသင်းချုပ်နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံ စားသောက်ကုန်များကို ဈေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိစေရေးနှင့် သက်သာသော နှုန်းထားဖြင့် ပြည်သူများသို့ ရောင်းချခြင်းဖြင့် COVID-19 သက်ရောက်မှုကြောင့် အများပြည်သူထိခိုက်မှုမရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စုပေါင်းအားဖြင့် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် မည်သို့သော အခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်မည်ဖြစ်ပြီး ရှေ့ဆက်၍လည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံဂုဏ်ပြုပါကြောင်း ဖော်ပြပါရှိပါသည်။