MIFER ဆောင်ရွက်ချက်များ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးဌာန ဖွဲ့စည်း တည်ထောင်ခြင်း ပထမအကြိမ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နှင့် နှစ်သစ်ကူး အကြို ဝန်ထမ်းများ ညစာစားပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် - ၁ ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ အမှာစကားပြောကြား ဖွင့်လှစ်ခဲ့ ပါသည်။ ထိုသို့ပြောကြားရာတွင်  -

  • ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေး၊ နိုင်ငံတကာနှင့် စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကိစ္စတွေမှာ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊
  • ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ တစ်နှစ်တာ ကာလအတွင်း ဘဏ္ဍာရေးနှစ် တစ်နှစ်တွင် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရှိပြီး ယခု ဘဏ္ဍာနှစ် ပထမသုံးလမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့ပါကြောင်း၊
  • အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈၃,၉၈၄ ခု ဖန်တီးပေးနိုင်ပြီး ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်မှာ ၁၇၀,၃၃၀ ခု ဖန်တီးပေးနိုင်ခဲ့တဲ့ အတွက် နှိုင်းယှဉ်ကြည့်ပါက ၁၀၃%  ခန့် တိုးတက်ခဲ့ပါကြောင်း၊
  • ကမ္ဘာ့ဘဏ် ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် Ease of Doing Business Report မှာ မြန်မာနိုင်ငံဟာ ယခင်နှစ်က အဆင့် ၁၇၁ ရှိခဲ့ရာမှ အဆင့် ၁၆၅ အဖြစ် သတ်မှတ်ခံခဲ့ရပြီး အဆင့် ၆ ဆင့် တိုးတက်ခဲ့ပါကြောင်း၊  
  • နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဒီနှစ်အောက်တိုဘာလထဲမှာ ကိုရီးယား သမ္မတနိုင်ငံရဲ့ Economic Development Cooperation Fund (EDCF) က အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၄၀ ချေးငွေရယူခဲ့ပြီး ဖြစ်ပါကြောင်း၊ 
  • မိတ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့တို့တွင် နေပြည်တော်၌ 2nd Myanmar Development Effectiveness Roundtable ကိုလည်း ကျင်းပနိုင်ခဲ့ ပါကြောင်း၊
  • ဝန်ထမ်းများအားလုံးအနေဖြင့် ဝန်ကြီး ဌာနကြီး အောင်မြင်အောင် အတူတကွ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း မှ သင်တန်းထူးချွန်ဆုရရှိသည့် ဝန်ထမ်းများကို ဆုချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဝန်ထမ်း အကြီးအကဲများက ဝန်ကြီးဌာနဝန်ထမ်းများနှင့်အတူ ညစာသုံးဆောင်ကြပြီး၊ ဝန်ထမ်းများ၏ ဖျော်ဖြေရေးအစီအစဉ်ကို ဆက်လက်တင်ဆက်ခဲ့ပါသည်။