အာဆီယံနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း
မြန်မာနိုင်ငံနှင့် နယ်နိမိတ်နီးစပ်သည့် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်းဖွဲ့စည်း ထားသည့် ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် "အာဆီယံအဖွဲ့"တွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပြီး၊ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်မှုများအနက် စီးပွားရေး အသိုက်အဝန်း နှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ၏ အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာန(focal ministry) အဖြစ် လည်း ကောင်း၊မြန်မာနိုင်ငံ၏ အာဆီယံ စီးပွားရေးဝန်ကြီး၏ အတွင်းရေးမှူးရုံး အဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။
အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်
- (က) အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှုနှင့်
- ( ခ) ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု များတွင် ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု
- အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of Southeast Asian Nations- ASEAN) ကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ Bangkok Declaration ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ပါဝင် လက်မှတ် ရေးထိုး ဖွဲ့စည်းခဲ့ပါသည်။
- အာဆီယံအား ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရှေ့တောင်နိုင်ငံများ ကြီးပွားတိုးတက်ပြီး တူညီသည့် အေးချမ်းသောအသိုက်အဝန်းထူထောင်ရေးအတွက် ခိုင်မာသည့် အခြေခံကောင်းများရရှှိရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုမြှှင့်တင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
- ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် လည်းကောင်း၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသည် ၁၉၉၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်းကောင်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်င်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့သည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် လည်းကောင်း အာဆီယံသို့ အဖွဲ့ဝင်နိုင်ငံသစ်များ အဖြစ်ဝင်ရောက်ခဲ့ကြပါသည်။
၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေး တွင် အာဆီယံ ခေါင်းဆောင်ကြီးများသည် အာဆီယံအား တည်ငြိမ်သော အောင်မြင် ကြွယ်ဝ သော ယှဉ်ပြိုင်မှုစွမ်းအား မြင့်မားသော၊ အချိုးညီညီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော၊ ဆင်းရဲ နွမ်းပါးမှုနှင့် လူမှု စီးပွားရေး ကွာခြားမှုနည်းပါးသော ဒေသကြီးဖြစ်လာရန် အာဆီယံ မျှော်မှန်း ချက် ၂၀၂၀ (ASEAN Vision 2020) ကို ကြေညာခဲ့ပါသည်။
၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးတွင် ခေါင်းဆောင်ကြီးများမှ အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို ရှေ့တိုး၍ ၂၀၁၅ ခုနှစ်တွင် တည်ထောင်ရန် ထပ်မံ ကတိပြုခဲ့ကြပြီး၊ အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စီဘူး ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
အေအီးစီအား ၂၀၁၅ ခုနှစ်တွင်အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံ နိုင်ငံများအားလုံးမှ အေအီးစီအကဲဖြတ်မှတ်တမ်း (AEC Scorecard) အား ၂၀၀၈ ခုနှစ်မှစ၍ (၂)နှစ်တွင် တစ်ကြိမ် အဆင့် (၄) ဆင့် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
အာဆီယံအနေဖြင့် အာဆီယံ စီးပွားရေးအသိုက်အဝန်း ၂၀၁၅ ကိုအောင်မြင်စွာ ထူထောင်နိုင်ခဲ့ကြောင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကြေညာနိုင်ခဲ့ပြီး အေအီးစီ ၂၀၂၅ (၂၀၁၆ ခုနှစ် မှ ၂၀၂၅ ခုနှစ်အထိ) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် ရှိပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ (AEC Blueprint) ကို ASEAN 2025: Forging Ahead Together ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ က အတည်ပြု ခဲ့ပါသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ ၂၀၂၅ သည် အာဆီယံစီးပွားရေး အသိုက်အဝန်းကို ၂၀၂၅ ခုနှစ်တွင် ထူထောင်နိုင်ရေးအတွက် အောက်ဖော်ပြပါ သွင်ပြင်လက္ခဏာ (၅) ရပ်ကို ပိုမို အားကောင်းလာစေရန်နှင့် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်-
- ပေါင်းစည်းညီညွတ်မှုမြင့်မားသောစီးပွားရေးဒေသ
- ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ ဆန်းသစ်တီထွင်မှုရှိသော၊ အရှိန်အဟုန်ဖြင့် တိုးတက် သည့် အာဆီယံဒေသ
- ပေါင်းစည်းဆက်သွယ်မှုနှင့် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြင့်မားသော အာဆီယံဒေသ
- ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး အားလုံးပူးပေါင်းပါဝင်သော ပြည်သူ့ဦးစားပေးပြည်သူ ဗဟိုပြုအာဆီယံဒေသနှင့်
- ကမ္ဘာလုံးဆိုင်ရာအာဆီယံဒေသ
အာဆီယံ စီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ ကို အကောင်အထည်ဖော်ရန် အဆိုပါ သွင်ပြင်လက္ခဏာများ ရရှိရေးအတွက် အာဆီယံအနေဖြင့် Consolidated Strategic Action Plan (CSAP) 2025 အား ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ နှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီ၏ Strategic Action Plan (SAP) နှင့်အညီ ရေးဆွဲထားသည့် work plan (၂၃) ခုကို အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများက အတည်ပြုခဲ့ပြီးဖြစ် ပါသည်။
အေအီးစီကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းအဖွဲ့များမှ annual measures များကို သတ်မှတ်ကြပါသည်။ Consolidated Strategic Action Plan (CSAP) တွင် အကောင်အထည်ဖော်ရန် ကျန်ရှိသောAEC 2015 Measure များနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ ၂၀၂၅ ၏ ဇောင်းပေးဆောင်ရွက်မည့် နယ်ပယ် အသစ်များနှင့် စပ်လျဉ်းသည့် Measures များ ပါရှိပါသည်။ AEC measures များ၏ အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို AEC 2025 Monitoring and Evaluation (M&E) Framework ဖြင့် ဆန်းစစ် သုံးသပ်မည် ဖြစ်ပါသည်။
အေအီးစီ၂၀၂၅ သည်အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေခြင်း၊ အီလက်ထရောနစ် အခြေပြု စီးပွားရေးအခြေခံတစ်ခုအဖြစ် အထောက်အပံ့ပေးခြင်း၊ ကောင်းမွန် သော စီမံအုပ်ချုပ်မှုများကို တိုးမြှင့်ပေးနိုင်ခြင်းနှင့် Digital နည်းပညာများ ပေါ်ထွက်လာစေ ခြင်းတို့ကို အဓိကဆောင်ရွက်ပါသည်။ အေအီးစီ ၂၀၂၅ ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များမှ Annual Priorities Measures များကို သတ်မှတ်ကြပါသည်။
- မြန်မာနိုင်ငံအနေဖြင့် AEC 2025 CSAP (Consolidated Strategic Action Plan) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်း ကော်မတီ (၂၂) ခုကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။
- မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်အတွက် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် ရမည့် Measures (၉၀) ခုရှိသည့်အနက် (၇၆) ခုကို ပြီးစီး အောင်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံအနေဖြင့် ဦးစားပေး အကောင်အထည် ဖော် ဆောင်ရွက်ရမည့် Measures (၁၁၈) ခု ရှိရာ Measures (၁၀၃) ခုကို ပြီးစီးအောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ရန် အေအီးစီ measures (၁၅၆) ခု ရှိသည့်အနက် (၁၀၁) ခုကို ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
- ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော်ရန် အာဆီယံတစ်ခုလုံးအနေဖြင့် အေအီးစီ measures (၁၇၁) ခုထားရှိပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ အာဆီယံ နိုင်ငံများအားလုံးက (၉၃) ခုကို ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
- မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်အတွက် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် ရမည့် Measures (၁၆၇) ခု ရှိပါသည်။ အဆိုပါ Measures (၁၆၇) ခုအနက် (၁၀၁) ခုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပြီးစီး အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အကောင်အထည်ဖော်ရန် ကျန်ရှိနေသော နှစ်အလိုက် Annual Measures များ ပြီးစီးရန် ဆောင်ရွက်လျက်ရှိပါသည်။
ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု
အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနအနေဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါသည် -
- အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသများ အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများ၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသများဆိုင်ရာ ညှိနှိုင်းမှုများ နှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည်ဖော်ရေးတို့အတွက် ဆောင်ရွက်ခြင်း၊
- အာဆီယံအပေါင်းတစ်လွတ်လပ်သော ကုန်သွယ်မှုဒေသများ အကောင်အထည်ဖော်ရေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ထားသည့် နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ ဘာသာရပ်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက် ခြင်း၊
- ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်-ဘင်းမ်စတက်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း၊
- ဆွေးနွေးဖက်နိုင်ငံများနှင့်ကျင်းပသည့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများ၏ ပြည်တွင်းပြည်ပအစည်းအဝေးများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေး အတွက် ညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးခြင်း၊
- အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ချုပ်ဆိုသည့် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်များတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူ စာချုပ်များမှာ-
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူစာချုပ် (၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကို ပြန်လည် ပြင်ဆင်သည့်အခြေပြစာချုပ် (၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာသဘောတူ စာချုပ် (၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ကုန်စည်ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ပြင်ဆင်သည့် အခြေပြစာချုပ် (၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ် (၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်၏ ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်၏ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (၂၀၀၉ ခုနှစ်၊ ဩဂုတ်လ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ပြင်ဆင်သည့်ဒုတိယအခြေပြစာချုပ် (၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ်၏ ဒုတိယအသုတ်ကတိကဝတ်များဖြေလျှော့ ခြင်းဆိုင်ရာအခြေပြစာချုပ် (၁၆-၁၁-၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်ကို ပြင်ဆင် သည့် တတိယအခြေပြစာချုပ် (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် တွင် ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေ သည့် နည်းပညာဆိုင်ရာအတားအဆီးများ၊ လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှားအန္တရာယ် ကင်းစင်ရေးဆိုင်ရာနယ်ပယ်များ ထပ်မံဖြည့်စွက်သည့်အခြေပြစာချုပ် (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ)
- အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်နှင့် ယင်း၏ အောက်တွင် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များကို ပြင်ဆင်သည့် အခြေပြ စာချုပ် (၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ)
အာဆီယံ-ဂျပန်လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင်လက်မှတ်ရေးထိုးပြီးသည့် သဘောတူစာချုပ်များမှာ -
- အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကြေညာချက် (၂၀၀၂ ခုနှစ် နိုဝင်ဘာလ)
- အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူ စာချုပ် (၂၀၀၃ ခုနှစ် အောက်တိုဘာလ)
- အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (၂၀၀၈ ခုနှစ် ဧပြီလ)
အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ်ရေးထိုးပြီးသည့် သဘောတူစာချုပ်များမှာ -
- အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူဘောင် သဘောတူ စာချုပ် (၂၀၀၅ ခုနှစ် ဒီဇင်ဘာလ)
- အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာသဘောတူစာချုပ် (၂၀၀၅ ခုနှစ် ဒီဇင်ဘာလ)
- အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၆ ခုနှစ် သြဂုတ်လ)
- အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၇ ခုနှစ် နိုဝင်ဘာလ)
- အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်(၂၀၀၉ ခုနှစ် ဇွန်လ)
- အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကိုပြင်ဆင်သည့်အခြေပြ စာချုပ်(၂၀၁၀ ခုနှစ် နိုဝင်ဘာလ)
- အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြ စာချုပ်) (၂၀၁၁ ခုနှစ် နိုဝင်ဘာလ)
- အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြစာချုပ်(၂၀၁၅ ခုနှစ် အောက်တိုဘာလ)
- အာဆီယံ-အိန္ဒိယဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ် (၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ)
- အာဆီယံ-အိန္ဒိယဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူစာချုပ် အောက်ရှိကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်(၂၀၀၉ ခုနှစ်၊ သြဂုတ်လ)
- အာဆီယံ-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်အောက်ရှိ အငြင်းပွားမှုဖြေရှင်းရေးယန္တရားသဘောတူစာချုပ် (၂၀၀၉ ခုနှစ်၊ သြဂုတ်လ)
- အာဆီယံ-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်အောက်ရှိဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၁၄ ခုနှစ်၊ သြဂုတ်လ)
- အာဆီယံ-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူစာချုပ်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (၂၀၁၄ ခုနှစ်၊ သြဂုတ်လ)
အာဆီယံ-သြစတြေးလျ-နယူးဇီလန်လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ် ရေးထိုးထားသောစာချုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေး သဘောတူစာချုပ် (၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ)
- အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူ စာချုပ်ကို ပြင်ဆင်သည့်ပထမအခြေပြစာချုပ် (၂၀၁၄ ခုနှစ်၊ သြဂုတ်လ)
အာဆီယံ-ဟောင်ကောင် လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ် ရေးထိုး ထားသော စာချုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- အာဆီယံ- ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၂၀၁၈ ခုနှစ်၊ မတ်လ)
- အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့အကြား ချုပ်ဆိုထားသော ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ် (၂၀၁၈ ခုနှစ်၊ မတ်လ)
ရည်ရွယ်ချက်
- RCEP ကို အပေါင်း ၁ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (Free Trade Agreements - FTAs) များထက် ခေတ်မီ၍ ပြီးပြည့်စုံမှုရှိပြီး အရည်အသွေး မြင့်မားသော အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဖြစ်ရန်နှင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
နောက်ခံအချက်အလက်များ
- RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပသည့် (၄) ကြိမ် မြောက် RCEP ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင် (၁၅) နိုင်ငံမှ RCEP ဝန်ကြီးများက နိုင်ငံခေါင်းဆောင်များရှေ့မှောက်၌ Virtual Signing အခမ်းအနားဖြင့် လက်မှတ်ရေးထိုးခဲ့ ပါသည်။
- ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ၎င်း၏ လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်ချုပ်ဆိုထားသောနိုင်ငံများ (FTA Countries) ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန် စုစုပေါင်း (၅) နိုင်ငံ စုစုပေါင်းအဖွဲ့ဝင် (၁၅) နိုင်ငံ ပါဝင်ပါသည်။
- အာဆီယံ- ဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-တရုတ်၊ အာဆီယံ-ဂျပန်နှင့် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် (Free Trade Agreement - FTA) များ ချုပ်ဆိုခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ အပေါင်းတစ် FTA များထက် ခေတ်မီ၍ ပြီးပြည့်စုံမှုရှိပြီး အရည်အသွေးမြင့်မားသော အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်ဖြစ်စေရန် ရည်မှန်းထားပါသည်။
- RCEP တွင် ပါဝင်သည့် နိုင်ငံ (၁၅) နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ရှိသော စာရင်းများအရ လူဦးရေ (၂.၂) ဘီလီယံဖြင့် ကမ္ဘာ့လူဦးရေ၏ ၃၀%၊ ကမ္ဘာ့စီးပွားရေး၏ ၃၀% နှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၂၈% နီးပါးကို ကိုယ်စားပြုပါသည်။
- ပထမဆုံးအကြိမ် RCEP ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် တစ်ဆက်တည်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များက စတင်ဆောင်ရွက်ခဲ့ပြီး RCEP ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် ရည်ရွယ်ချက် များကို ချမှတ်ခဲ့ပါသည်။
- ပထမအကြိမ် RCEP ထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် RCEP ထိပ်သီးအစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌လည်းကောင်း၊ တတိယအကြိမ် RCEP ထိပ်သီး အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၌လည်းကောင်း၊ (၄) ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် Video Conference စနစ်ဖြင့်လည်းကောင်း ကျင်းပခဲ့ပါသည်။ ယနေ့အထိ RCEP ထိပ်သီး အစည်းအဝေး (၄) ကြိမ်၊ RCEP ဝန်ကြီးများအစည်းအဝေး (၈) ကြိမ်၊ RCEP ဝန်ကြီးများ ကြားဖြတ်ညှိနှိုင်းအစည်းအဝေး (၁၁) ကြိမ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီနှင့် ဆက်စပ်လုပ်ငန်းအဖွဲ့၊ အဖွဲ့ခွဲများ အစည်းအဝေး (၃၁) ကြိမ် ကျင်းပပြီး ညှိနှိုင်းခဲ့ ပါသည်။
- RCEP တွင် ပါဝင်သည့် နိုင်ငံများအားလုံးကို “Guiding Principles and Objectives for Negotiating the RCEP” နှင့်အညီ နိုင်ငံအားလုံး သဘောတူလက်ခံနိုင်သည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိစေရေးအတွက် ရည်မှန်းချက်အဆင့်ကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ “RCEP Guiding Principles and Objectives for Negotiating the RCEP” အရ ပါဝင်နိုင်ငံများ၏ မတူညီသည့်ဖွံ့ဖြိုးမှုအခြေအနေကို ထည့်သွင်းစဉ်းစား၍ သက်ဆိုင်သည့် လက်ရှိ အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်များနှင့်အညီ အထူးနှင့်ခြားနားအခွင့်အရေးများ (Special and Differential Treatments) အတွက် ပြဋ္ဌာန်းချက်များ အပါအဝင် သင့်လျော်သည့် ဖြေလျှော့မှုပုံစံများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ထပ်မံ ဖြေလျှော့မှုပေးခြင်း (Additional Flexibility) ကို အသုံးပြုနိုင်ပါသည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကို အချို့ကိစ္စရပ်များအား လိုက်ပါဆောင်ရွက်ရန် ဖြေလျှော့ပေးမှုနှင့် ကူးပြောင်းချိန်ကာလများ ပေးထားပါသည်။
RCEP သဘောတူစာချုပ်၏ အဓိကဝိသေသများ
- ခေတ်မီခြင်း။ RCEP သဘောတူစာချုပ်ကို ယနေ့ခေတ်အခြေအနေများအတွက်သာမက နောင်တွင် ဖြစ်ပေါ်လာနိုင်မည့် ပြောင်းလဲမှုများနှင့် ကုန်သွယ်ရေးအခြေအနေများကိုပါ ထည့်သွင်း စဉ်းစား၍ ရေးဆွဲထားပါသည်။ ပြောင်းလဲတိုးတက်လာနိုင်သည့် ကဏ္ဍများဖြစ်သည့် အီလက်ထရောနစ် ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၊ ဒေသတွင်း တန်ဖိုးမြင့်ကွင်းဆက်ချဲ့ထွင်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုတို့ကိုပါ ထည့်သွင်းစဉ်းစား ထားပါသည်။ RCEP သဘောတူစာချုပ်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူစာချုပ်ပါ နယ်ပယ်များ၏ ပြဋ္ဌာန်းချက်များကို ကျော်လွန်၍ ထပ်မံမွမ်းမံရန် သဘောတူထားပါသည်။
- ပြီးပြည့်စုံခြင်း။ RCEP သဘောတူစာချုပ်ကို အခန်း (၂၀) ဖြင့် ဖွဲ့စည်းထားပြီး ယခင် အပေါင်းတစ် FTA များတွင် မပါဝင်သည့် နယ်ပယ်အများအပြားကိုလည်း ထည့်သွင်းထား ပါသည်။ ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးတို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ ယှဉ်ပြိုင်မှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ အစိုးရဝယ်ယူရေးနှင့် ဥပဒေနှင့် အဖွဲ့အစည်းများ၊ အငြင်းပွားမှုဖြေရှင်းခြင်းစသည့် နယ်ပယ်များ ပါဝင်ပါသည်။ ဈေးကွက်ဖွင့်လှစ်ပေးမှုအနေဖြင့်လည်း ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အကောက်ခွန် နှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများကို တဖြည်းဖြည်းချင်း ဖယ်ရှားခြင်း၊ စဉ်ဆက်မပြတ် ဖြေလျှော့ခြင်းများနှင့် ရင်းနှီးမြှုပ်နှံမှုတွင်လည်း ကဏ္ဍများ ပိုမိုလွှမ်းခြုံပေးခြင်း များ ဆောင်ရွက်ထားပါသည်။
- အရည်အသွေးမြင့်မားခြင်း။ RCEP သဘောတူစာချုပ်တွင် ပါဝင်သော ပြဋ္ဌာန်းချက်များ သည် ယခင်ချုပ်ဆိုခဲ့သည့် အပေါင်းတစ် FTA များကို ကျော်လွန်၍ တစ်နိုင်ငံချင်းနှင့် ဖွံ့ဖြိုးမှုအဆင့် ကွဲပြားမှုများကို ထည့်သွင်းစဉ်းစားထားပါသည်။ RCEP သဘောတူစာချုပ်သည် ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်း Supply chain တွင် အဖွဲ့ဝင်နိုင်ငံများ ပါဝင်မှုကို ထောက်ပံ့ပေးရုံသာမက စီးပွားရေး လုပ်ငန်းများ အဆင်ပြေစေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများကို ဈေးကွက် ဖွင့်လှစ်ပေးမှု ကတိကဝတ်များနှင့် လိုက်လျောညီထွေဖြစ်ရန် ထောက်ပံ့ပေးပါသည်။ တစ်ချိန်တည်းမှာပင် ပြည်သူ့ရေးရာမူဝါဒ ရည်မှန်းချက်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းရန်လည်း ထောက်ပံ့ ပေးထားပါသည်။ RCEP သဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံများအကြား Supply chain တိုးချဲ့ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် စည်းမျဉ်းဥပဒေ များကို ပေါင်းစည်းထားသည့် အရည်အသွေး မြင့်မားသော single rulebook တစ်ခုလည်း ဖြစ်ပါသည်။
- အပြန်အလှန်အကျိုးရှိခြင်း။ RCEP သဘောတူစာချုပ်သည် ဖွံ့ဖြိုးမှုအဆင့်မတူညီသော နိုင်ငံများ ပေါင်းစည်းပါဝင်သော သဘောတူစာချုပ်ဖြစ်၍ အဖွဲ့ဝင်နိုင်ငံများ၏ အပြန်အလှန် အကျိုးရှိမှုကို အသိအမှတ်ပြုထားပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော်သော ဖြေလျှော့ပေးမှုများနှင့် အထူးနှင့်ခြားနားအခွင့်အရေးများကို အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံအတွက် သင့်လျော်သည့် ဖြေလျှော့မှုပုံစံများပေးခြင်းတို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ထပ်မံဖြေလျှော့မှုပေးခြင်းတို့ ဆောင်ရွက်ထားပါသည်။ RCEP သဘောတူစာချုပ်တွင် ပါဝင်သော ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် ထောက်ပံ့ ပေးရန်အတွက် နည်းပညာပူးပေါင်းဆောင်ရွက်မှုများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ် များကိုလည်း ထည့်သွင်းထားပါသည်။ RCEP သဘောတူစာချုပ်ကို ဖွံ့ဖြိုးမှုအဆင့် အမျိုးမျိုးမှ အရွယ်အစားအမျိုးမျိုးရှိသည့် စီးပွားရေးလုပ်ငန်းများ၊ နယ်ပယ်စုံမှ ပါဝင်ဆောင်ရွက်သူများ အားလုံး အကျိုးရှိစေရန် ရေးဆွဲထားခြင်းဖြစ်ပါသည်။
ပါဝင်သည့်အခန်းများ
- RCEP သဘောတူစာချုပ်တွင် အောက်ပါအခန်း (၂၀) ပါဝင်ပါသည် -
(၁) ကနဉီးအစီအစဉ်များနှင့် အထွေထွေအဓိပ္ပာယ်ဖွင့်ဆိုချက်များ
(၂) ကုန်စည်ကုန်သွယ်ရေး
(၃) ပင်ရင်းဒေသစည်းမျဉ်းများ
(၄) အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး
(၅) လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှားကင်းစင်စေရေးဆိုင်ရာ အစီအမံများ
(၆) စံချိန်စံညွှန်း၊ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အရည်အသွေး ကိုက်ညီမှု စစ်ဆေးသည့် လုပ်ငန်းစဉ်များ
(၇) ကုန်သွယ်မှုအပေါ် ကုစားမှုအစီအမံများ
(၈) ဝန်ဆောင်မှုကုန်သွယ်ရေး (ငွေကြေး/ဆက်သွယ်ရေး/ကျွမ်းကျင်ပညာရှင်)
(၉) လူပုဂ္ဂိုလ်များ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု
(၁၀) ရင်းနှီးမြှုပ်နှံမှု
(၁၁) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်
(၁၂) အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး
(၁၃) ယှဉ်ပြိုင်မှု
(၁၄) အသေးစားနှင့်အလတ်စား လုပ်ငန်းများ
(၁၅) စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု
(၁၆) အစိုးရဝယ်ယူရေး
(၁၇) အထွေထွေပြဋ္ဌာန်းချက်များနှင့် ကင်းလွတ်ခွင့်များ
(၁၈) အဖွဲ့အစည်းဆိုင်ရာ ပြဋ္ဌာန်းချက်များ
(၁၉) အငြင်းပွားမှုဖြေရှင်းခြင်း
(၂၀) အပြီးသတ်ပြဋ္ဌာန်းချက်များ
- ဆွေးနွေးညှိနှိုင်းမှုပြုရာတွင် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီအောက်၌ လုပ်ငန်းအဖွဲ့ (၉) ခုနှင့် လုပ်ငန်းအဖွဲ့ခွဲ (၇) ခုတို့ဖြင့် စုစည်းညှိနှိုင်းခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင် ရာဌာနများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
- RCEP သဘောတူစာချုပ်သည် လက်မှတ်ရေးထိုးသော အာဆီယံအဖွဲ့ဝင် အနည်းဆုံး (၆) နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သောနိုင်ငံ (၃) နိုင်ငံတို့က အတည်ပြုခြင်း၊ လက်ခံခြင်း သို့မဟုတ် ထောက်ခံခြင်း စသည်တို့ကို စာချုပ်စာတမ်းအပ်နှံသည့်ဌာနသို့ အပ်နှံပြီးသည်နောက် ရက်ပေါင်း ၆၀ အကြာတွင် အသက်ဝင်မည်ဖြစ်ပါသည်။ သဘောတူစာချုပ် ဆောလျင်စွာ အသက်ဝင်ရေးအတွက် သက်ဆိုင်ရာ ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်လျက် ရှိပါသည်။
RCEP တွင် အိန္ဒိယနိုင်ငံပါဝင်ရေးကိစ္စ
- အိန္ဒိယနိုင်ငံသည် RCEP ၏ မူလအဖွဲ့ဝင် (၁၆) နိုင်ငံတွင် ပါဝင်ခဲ့ခြင်းကို အသိအမှတ်ပြု သည့်အပြင် ဒေသတွင်း value chain ကို ပိုမိုချဲ့ထွင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံသည် မဟာဗျူဟာအရ အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်သည့်အတွက် RCEP စာချုပ်အား လက်မှတ် ရေးထိုးပြီးသည့်တိုင် အိန္ဒိယနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာနိုင်ရေးအတွက် ဆက်လက် လမ်းဖွင့်ပေးထားပါသည်။
မြန်မာနိုင်ငံက ဆောင်ရွက်မှုအခြေအနေ
- မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အသက်ဝင်ရေးအတွက် မြန်မာနိုင်ငံက အတည်ပြု ကြောင်း အကြောင်းကြားစာကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်ရုံးအဖွဲ့မှ တစ်ဆင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် စာချုပ်အသက်ဝင်ပြီးနောက် အဆင်သင့်ဖြစ်စေရေးအတွက် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနက ဦးဆောင်၍ စာချုပ်တွင်ပါဝင်သောအခန်းများအလိုက် ဘာသာ ရပ်ဆိုင်ရာဌာနက ပုဂ္ဂလိက ကဏ္ဍသို့ ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ်ကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ထိ Video Conferencing ဖြင့် (၁၂) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် စာချုပ်ကို သက်ဆိုင်ရာ အခန်းများ အလိုက် အကောင်အထည် ဖော်မည့် အစိုးရဌာနများနှင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် Video Conferencing ဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ထို့မှတစ်ဆင့် RCEP သဘောတူစာချုပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက (၂) ရပ်ပေါင်း၍ RCEP သဘောတူစာချုပ် အကောင်အထည် ဖော်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပါသည်။