နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းအပြင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်) နှင့်လည်းကောင်း အောက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည် -
UNDP ၏ နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) ကို စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၇၂) သန်းဖြင့် အောက်ဖော်ပြပါ မဏ္ဍိုင် (၂) ရပ် အတွက် လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNDP တို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်-
- ထိရောက်သောအုပ်ချုပ်မှုနှင့် ငြိမ်းချမ်းရေးကိုရေရှည်တည်မြဲအောင် ထိန်းသိမ်းခြင်း
- အားလုံးပါဝင်နိုင်သော၊ ဒဏ်ခံနိုင်စွမ်းရှိသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို အားပေးမြှင့်တင်ခြင်း
မြန်မာ-ယူနီဆက် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) ကို စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၂၀၇.၅၀) သန်းဖြင့် အောက်ဖော်ပြပါ ဦးစားပေးလုပ်ငန်း စီမံချက်(၅)ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNICEF တို့ ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်-
- ကျန်းမာရေးနှင့် အာဟာရပြည့်ဝရေး
- ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး
- ပညာရေး
- ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
- လူမှုရေး ကာကွယ်စောင့်ရှောက်မှုနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း
UNFPA မှ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် အကူအညီပေးရေး အစီအစဉ် (၂၀၁၈-၂၀၂၂) ကို စုစုပေါင်းရန်ပုံငွေအမေရိကန်ဒေါ်လာ (၂၀.၀) သန်းဖြင့် အောက်ဖော်ပြပါ ဦးစားပေးနယ်ပယ် (၃) ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNFPAတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်-
- မျိုးဆက်ပွားကျန်းမာရေး
- ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး
- လူဦးရေဆိုင်ရာကဏ္ဍ
FAO မှ မြန်မာနိုင်ငံတွင် နိုင်ငံဆိုင်ရာအစီအစဉ်မူဘောင် (၂၀၁၇-၂၀၂၂) ကို စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၇၁.၇၅) သန်းဖြင့် အောက်ဖော်ပြပါ ဦးစားပေးလုပ်ငန်းစီမံချက် (၃)ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် FAO တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်-
- စားနပ်ရိက္ခာဖူလုံမှုတိုးမြှင့်ရေး၊အာဟာရပြည့်ဝရေးနှင့်အစားအသောက်ဘေးကင်းရေး
- အစိုးရစီမံခန့်ခွဲမှု အားကောင်းစေခြင်းနှင့် လယ်ယာမြေ၊ သစ်တော၊ ရေအရင်း အမြစ်များနှင့် ဂေဟစနစ် ရေရှည်တည်တံ့စွာ စီမံခန့်ခွဲခြင်း
- ဒေသခံအဖွဲ့အစည်းများနှင့် စိုက်ပျိုးလုပ်ကိုင်နေသည့် အိမ်ထောင်စုများ၏ ဘေး အန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါများ နှင့် စပ်လျဉ်း၍ ဒဏ်ခံနိုင်စွမ်းအား မြှင့်တင်ရေး
WFP ၏ နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၁၈-၂၀၂၂) ကို စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃၁၀.၈၀) သန်းဖြင့် အောက်ဖော်ပြပါ မဟာဗျူဟာရလဒ် (၃) ခုအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် WFP တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါသည်-
- အစားအစာဖူလုံမှုမရှိသည့် ဒေသများရှိ ပဋိပက္ခဒဏ်ခံစားနေရသော ပြည်သူ များအား တစ်နှစ်ပတ်လုံး အစားအစာ ဖူလုံမှုရှိ၍ အာဟာရပြည့်မီစေရမည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိအစားအစာမဖူလုံမှုနှင့် အာဟာရမပြည့်ဝမှု ခံစားနေရသော ပြည်သူများအား တစ်နှစ်ပတ်လုံး အစားအစာဖူလုံမှုရရှိစေရမည်။
- ၂၀၂၂ ခုနှစ်တွင် ပြည့်မီရမည့် အမျိုးသားရည်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးများ၏ အာဟာရပြည့်ဝမှု တိုးတက် ကောင်းမွန် စေရမည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး၏ နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၄-၂၀၁၇) ကို စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၂.၁၃၃၉) သန်းဖြင့် အောက်ဖော်ပြပါ လုပ်ငန်း စီမံချက် (၅) ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNODC တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်-
- နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်သည့် မှုခင်းနှင့် တရားမဝင်ရောင်းဝယ် ဖောက်ကားမှုတိုက်ဖျက်ရေး
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး
- ပြစ်မှုတရားစီရင်ရေး
- မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး
- ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းပညာနှင့် ဖွံ့ဖြိုးရေး
အဆိုပါ နိုင်ငံဆိုင်ရာအစီအစဉ်ကို ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးမြှင့် ဆောင်ရွက် လျက်ရှိပါသည်။
UNOPS စီမံချက်ရုံးသည် ဖွံ့ဖြိုးမှုအကူအညီစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ရာတွင် အဓိကအားဖြင့် အောက်ဖော်ပြပါ Fund (၄) ခု၏ Fund Manager အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည် -
- Access to Health Fund
- Livelihoods and Food Security Trust Fund (LIFT-Fund)
- Global Fund to Fight AIDS, Tuberculosis and Malaria (The Global Fund)
- Joint Peace Fund (JPF)
အာရှဖွံ့ဖြိုးရေးဘဏ် နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ
အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) သည် ဖွံ့ဖြိုးမှုအကူအညီပေးသည့် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ပါသည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၆၈ နိုင်ငံရှိပြီး၊ ၄၉ နိုင်ငံမှာ အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ ဖြစ်ပါသည်။
အာရှဖွံ့ဖြိုးရေးဘဏ်အနေနှင့် ဆက်သွယ်ယှက်နွယ်မှု တိုးတက်ကောင်းမွန်ရေး၊ လူစွမ်းအား အရင်းအမြစ် အားကောင်းခိုင်မာရေး၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတိုးတက်ရေးတို့ကို မျှော်မှန်းချက် (Vision) အဖြစ် ထားရှိကာ ဆောင်ရွက်လျက် ရှိပါသည်။
အာရှဖွံ့ဖြိုးရေးဘဏ်ကို တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ အာရှနှင့် ပစိဖိတ်ဒေသကို ဆင်းရဲ နွမ်းပါးမှု လွတ်မြောက်စေရန် မျှော်မှန်း၍ ဒေသတွင်းရှိ အဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲ နွမ်းပါးမှု လျှော့ချရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး အတွက် ကူညီပံ့ပိုးလျက်ရှိပါသည်။
ထိုသို့ကူညီပံ့ပိုးရာတွင် ပေါ်လစီဆိုင်ရာ ဆွေးနွေးမှု၊ ချေးငွေများ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုများ၊ အာမခံများ၊ အထောက်အပံ့များနှင့် ကျွမ်းကျင်မှုအကူအညီများဖြင့် အဖွဲ့ဝင်ဖွံ့ဖြိုးဆဲနိုင်ငံများ အား ကူညီပံ့ပိုးလျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ၁၉၇၃ ခုနှစ်တွင် ADB သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါသည်။ ADB ရုံးချုပ်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် တည်ရှိပါသည်။
ADB မှ ချေးငွေများကို ထုတ်ချေးရာတွင် ဘဏ်၏ အဓိကငွေအရင်းအမြစ် (၂) ခုဖြစ်သည့် သာမန်ရန်ပုံငွေ (Ordinary Capital Resources-OCR) နှင့် အာရှဖွံ့ဖြိုးရေးရန်ပုံငွေ (Asian Development Fund - ADF/ Concessional Loan-COL) တို့မှ ထုတ်ချေးလျက်ရှိပါသည်။
မြန်မာနိုင်ငံသို့ ADF/COL ဖြင့် ထုတ်ချေးသောချေးငွေမှာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလကုန်မှ စတင်၍ ဆိုင်းငံ့ကာလ ၈ နှစ် အပါအဝင် ၃၂ နှစ်အတွင်း ပြန်လည်ပေးဆပ်ရပြီး အတိုးနှုန်း တစ်နှစ်လျှင် ဆိုင်းငံ့ ကာလအတွင်း ၁% နှင့် ပြန်လည်ပေးဆပ်သည့်ကာလအတွင်း ၁.၅% ပေးရသည့် သက်သာသော ချေးငွေအမျိုးအစား ဖြစ်ပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများသို့ OCR ဖြင့် ထုတ်ချေးသော ချေးငွေမှာအတိုးနှုန်းသည် နှုန်းရှင်ဖြစ်ပြီး၊ ဘဏ်နှင့်ငွေကြေး ဈေးကွက်များရှိ အတိုးနှုန်းများအပေါ် အခြေခံပါသည်။ ဆိုင်းငံ့ကာလ ၇ နှစ် အပါအဝင် ၂၅ နှစ်အတွင်း ပြန်လည်ပေးဆပ်ရသည့် ချေးငွေအမျိုးအစားဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ADB မှ ရေးဆွဲ ထားသည့် နှစ်ဦးနှစ်ဘက် အတည်ပြုပြီးဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (၂၀၁၇-၂၀၂၁) (Country Partnership Strategy-CPS for Myanmar, 2017-2021) သည် သိသာထင်ရှားသည့် မှတ်ကျောက်တစ်ခုဖြစ်ပါသည်။
CPS အရ ADB ၏ လုပ်ငန်းစဉ်များကို အောက်ဖော်ပြပါ Strategic Outcomes (၃) ခုအပေါ် အလေးထား လုပ်ဆောင်သွားမည် ဖြစ်ပါသည် -
- စျေးကွက်လက်လှမ်းမီမှုရှိစေရေးနှင့် ဆက်သွယ်ယှက်နွယ်မှုတိုးတက်ရေး
- လူသားအရင်းအမြစ် အားကောင်းခိုင်မာရေးနှင့်
- ဖွဲ့စည်းတည်ဆောက်ပုံနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး
ADB သည် အောက်ပါ Priority Area များတွင် ဦးစားပေးကူညီပံ့ပိုးသွားမည်ဖြစ်ပါသည်-
- သယ်ယူပို့ဆောင်ရေး၊စွမ်းအင်၊ မြို့ပြနှင့်ရေရရှိရေးစသည့် အခြေခံအဆောက်အအုံကဏ္ဍ
- ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးကဏ္ဍ
- ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ
- GMS EC Program သည် ADB ၏ ကူညီပံ့ပိုးမှုဖြင့် ၁၉၉၂ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သည့် အစီအစဉ်ဖြစ်ပါသည်။ ယင်းအစီအစဉ်တွင် FERD သည် မြန်မာနိုင်ငံဆိုင်ရာ National Secretariat ဖြစ်ပြီး၊ FERD ညွှန်ကြားရေးမှူးချုပ်သည် GMS National Coordinator ဖြစ်ပါသည်။
- GMS လုပ်ငန်းနယ်ပယ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖိုရမ်များနှင့် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ အဆင့်မြင့်အရာရှိများအစည်းအဝေးတွင် ဖိုရမ်နှင့် လုပ်ငန်း အဖွဲ့အစည်းအဝေးများ၏ တင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီမှုများကို ဝန်ကြီးများ အစည်းအဝေးသို့ ထောက်ခံတင်ပြပါသည်။
- ဝန်ကြီးများအစည်းအဝေးကို ပုံမှန်အားဖြင့် နှစ်စဉ်ကျင်းပလေ့ရှိပြီး၊ ယခုအချိန်အထိ (၂၃) ကြိမ်မြောက် ဝန်ကြီးများအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်သော မြန်မာကိုယ်စားလှယ် (၇)ဦးပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဂျီအမ်အက်စ်ဝန်ကြီးများအစည်းအဝေးတွင် GMS Health Strategy 2019-2023 နှင့် Regional Investment Framework-2022 (Second Progress Report) and Update ကို အတည်ပြုနိုင်ခဲ့ပါသည်။
- GMS ထိပ်သီးအစည်းအဝေးကို ၂၀၀၂ ခုနှစ်မှစတင်၍ (၃)နှစ်လျှင် တစ်ကြိမ် GMS နိုင်ငံများ တွင် အက္ခရာစဉ်အလိုက် ကျင်းပပြုလုပ်လေ့ရှိပြီး၊ ယခုအချိန်အထိ သတ္တမအကြိမ် GMS ထိပ်သီးအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် Virtual စနစ်ဖြင့် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံက ကျင်းပခဲ့ပါသည်။
- ထိပ်သီးအစည်းအဝေးတွင် GMS အဖွဲ့ဝင် (၆)နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် ကြပြီး၊ အစည်းအဝေးကာလအတွင်း အနာဂါတ်ကာလ မျှော်မှန်းချက်များကို ချမှတ်ကြပြီး အဆိုပါ မျှော်မှန်းချက်များအတွက် ကတိကဝတ်များပြုကြပါသည်။ ထိပ်သီးအစည်းအဝေးမှ မဲခေါင်ဒေသခွဲ ဆိုင်ရာ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာလေ့ရှိပါ သည်။ ယခု သတ္တမအကြိမ် GMS ထိပ်သီး အစည်းအဝေးတွင် ဂျီအမ်အက်စ် မဟာဗျူဟာ (၂၀၃၀) (GMS Strategy -2030) နှင့် ဂျီအမ်အက်စ် ကိုဗစ်-၁၉ တုန့်ပြန်ရေး နှင့် ပြန်လည် ထူထောင်ရေးစီမံချက် (၂၀၂၁-၂၀၂၃) ( GMS COVID-19 Response and Recovery Plan- 2021-2023) တို့ကို အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။
- ADB သည် မြန်မာနိုင်ငံနှင့် ပြန်လည်ချိတ်ဆက် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ပုံမှန် လည်ပတ်မှု လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် လမ်းပြမြေပုံအဖြစ် ၂၀၁၂ ခုနှစ်တွင် ကြားကာလနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (၂၀၁၂-၂၀၁၄) (ICPS, 2012-2014) ကို ချမှတ်၍ နိုင်ငံအတွက် လိုအပ်သည့် ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ယင်း ICPS ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သက်တမ်းတိုးမြှင့်၍ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သည် ဖြစ်ရာ နိုင်ငံအတွက် အဆိုပြု စီမံကိန်းများ ပါဝင်သည့် သုံးနှစ်တာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် (3-year rolling Country Operational Business Plan-COBP) 2015-2017 ကို ရေးဆွဲ၍ စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့ပါသည်။
- ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် ပထမဆုံးသော နိုင်ငံပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (၂၀၁၇-၂၀၂၁) ကို ရေးဆွဲချမှတ်၍ သုံးနှစ်တာ နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် (COBP) ၅ ခုဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ခဲ့ပါသည်။ အဆိုပါ COBP ပါ စီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ADB တို့ အကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခြင်း နှင့် ADB ဘက်သို့ အတည်ပြုပြန်ကြား ခြင်းများကို ဆောင်ရွက်ပါသည်။
- ADB မှ Country Programming Mission - CPM အဖွဲ့သည် အဆိုပြုစီမံကိန်းများ၊ ခန့်မှန်း လျာထားသည့် ငွေပမာဏ၊ မြန်မာနိုင်ငံမှ ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံသို့ နှစ်စဉ်လာရောက်၍ ဘာသာရပ်ဆိုင်ရာဌာနများနှင့် လိုက်လံတွေ့ဆုံဆွေးနွေးပြီး၊ COBP ကို ရေးဆွဲလေ့ရှိပါသည်။ အဆိုပါ မစ်ရှင်အဖွဲ့လာရောက်သည့်ကာလအတွင်း Kick-off meeting နှင့် Wrap-Up meeting ကျင်းပပြုလုပ်နိုင်ရေးအတွက် ADB နှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ဌာနများနှင့် သွားရောက်တွေ့ဆုံနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေး ပါသည်။
-
COBP ကို သုံးနှစ်လျှင် တစ်ကြိမ် ရေးဆွဲ၍ စီမံကိန်းများ အကောင်အထည်ဖော်သည် ဖြစ်ရာ အောက်ဖော်ပြပါ COBP များကို ရေးဆွဲချမှတ်ခဲ့ပါသည်-
(က) Country Operational Business Plan-COBP (2015-2017)
(ခ) Country Operational Business Plan-COBP (2017-2019)
(ဂ) Country Operational Business Plan-COBP (2018-2020)
(ဃ) Country Operational Business Plan-COBP (2019-2021)
(င) Country Operational Business Plan-COBP (2020-2022)
(စ) Country Operational Business Plan-COBP (2021-2023)
ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်နေမှုများ
- ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၌ ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဖွံ့ဖြိုးမှု စီမံကိန်းများ ဖော် ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ နိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (Country Partnership Framework- CPF) ကို ရေးဆွဲခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင် (Country Partnership Framework- CPF) (၂၀၂၀-၂၀၂၄) ကို အတည်ပြုထားပြီး ဖြစ်ပါသည်။
- အဆိုပါ မူဘောင်အပေါ် ဆွေးနွေးညှိနှိုင်းသည့် အလုပ်ဆွေးနွေးပွဲ တစ်ခုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သည့် ဆင်းရဲမှု လျှော့ချရေး နှင့် ကြွယ်ဝမှုများ ဝေမျှရေးတို့ကို မြှင့်တင်ရာတွင် သက်ရောက်မှု အရှိဆုံးဖြစ်စေရန် ကမ္ဘာ့ဘဏ်မှ အနာဂတ်တွင် ပံ့ပိုးပေးမည့် နယ်မြေများကို သတ်မှတ် ဖော်ထုတ်သွားနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
- မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးမှု အကူအညီများပေးအပ်ရာတွင် ပိုမိုထိရောက်မှုရှိစေရေးအတွက် ကမ္ဘာ့ဘဏ်မှ နိုင်ငံဆိုင်ရာစနစ်တကျ လေ့လာ ဆန်းစစ်မှု အစီရင်ခံစာ (Systematic Country Diagnostic (SCD) for Myanmar)ကို ၅ နှစ်လျှင် တစ်ကြိမ် ထုတ်ပြန်လေ့ ရှိပါ သည်။ အဆိုပါ အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှ စီးပွားရေး ပညာရှင်များ မှ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် လေ့လာသုံးခြင်း နှင့် ကဏ္ဍပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို လုပ်ဆောင်၍ ရရှိလာသည့် ရလဒ်များကို အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်ပါသည်။
- ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၌လုပ်ငန်းများ ပြန်လည် စတင်ခဲ့ပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် SCD အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ထုတ်ပြန်ခဲ့ပါသည်။
- အဆိုပါ SCD တွင် ဖော်ပြထားသည့်ရလဒ်များကို အခြေခံကာ မြန်မာနိုင်ငံအတွက် ငါးနှစ်တာ Country Partnership Framework (CPF) ရေးဆွဲ၍ နိုင်ငံအတွက် လိုအပ်သည့် ကဏ္ဍများ သို့ အကူအညီများ ပေးအပ်ခြင်း ဖြစ်ပါသည်။