ကော်မရှင်သတင်းများ

(နေပြည်တော်၊ ဇွန် ၄)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုမူဝါဒများအဓိထား ဆွေးနွေးနိုင်ရန် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအဆင်ပြေချောမွေ့စေခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖြေလျှော့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းတို့မှတစ်ဆင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာနများ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများစသည်တို့ကို အတည်ပြု ခဲ့ပါသည်။ ထို့ပြင် ကြန့်ကြာနေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုနှင့် ရာသီသီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းစသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး အထောက်အကူပြု နိုင်မည့် မူဝါဒ အစီအမံများကို ချမှတ်ခဲ့ပါသည်။