နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ

၁။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင်ဖွံ့ဖြိုးမှု အကူအညီ (ODA Grant) နှင့် ချေးငွေ (ODA Loan) များ ပေးအပ်ခဲ့ပါသည်။

၂။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဂျပန်နိုင်ငံမှ ချေးငွေ(ODA Loan)ကို ရပ်ဆိုင်းခဲ့သော်လည်း အကူအညီ (ODA Grant) နှင့် နည်းပညာအကူအညီ (Technical Assistance) များ ဆက်လက် ပေးအပ်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ဂျပန်နိုင်ငံမှ တရားဝင်ဖွံ့ဖြိုးမှု ချေးငွေ (ODA Loan) များ ပြန်လည်ပေးအပ်ခဲ့ပါသည်။ 

၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၁-၁၁-၂၀၁၆ ရက်မှ ၅-၁၁-၂၀၁၆ ရက်ထိ ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု များ အပါအဝင် ချေးငွေ၊ အကူအညီနှင့် နည်းပညာအကူအညီများအတွက် ဂျပန်ယန်း ၈၀၀ ဘီလီယံအား (၅) နှစ်အတွင်း ပေးအပ်ရန်  ညှိနှိုင်းသဘောတူညီခဲ့ပါသည်။ 

၄။ အဆိုပါ ဂျပန်ယန်း ၈၀၀ ဘီလီယံအောက်မှ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် မတ်လအထိ ချေးငွေစီမံကိန်း ၁၇ ခုအတွက် ချေးငွေ ဂျပန်ယန်း ၄၂၁.၇၀၆ ဘီလီယံ၊ အကူအညီ စီမံကိန်း ၁၆ ခုအတွက် ဂျပန်ယန်း ၄၁.၈၃၂ ဘီလီယံ နှင့်  နည်းပညာအကူအညီ စီမံကိန်း ၈ ခုအတွက် ဂျပန်ယန်း ၁.၈ ဘီလီယံ စုစုပေါင်း ဂျပန်ယန်း ၄၆၅.၃၃၈ ဘီလီယံကို ပေးအပ်ခဲ့ပြီး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ကျန်စီမံကိန်းများအတွက် နှစ်ဖက် ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။


ဂျပန်နိုင်ငံအစိုးရမှ ပေးအပ်သည့် အကူအညီများ (ODA Grant)

၅။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အပူပိုင်းဇုံ သစ်တောထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေး၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဦးစားပေးနယ်ပယ်များတွင် အကူအညီ (ODA Grant)များ ပေးအပ်လျက် ရှိပါသည်။

၆။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ စုစုပေါင်း အကူအညီ စီမံကိန်း (၆၄) ခုအတွက် ဂျပန်ယန်း ၁၁၇.၁၀၄ ဘီလီယံခန့် ပေးအပ်ခဲ့ပါသည်။ အဆိုပါ အကူအညီ စီမံကိန်း (၆၄) ခုအနက် စီမံကိန်း (၁၆) ခုမှာ ဂျပန်ယန်း ၈၀၀ ဘီလီယံ အောက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဖြစ်ပါသည်။

၇။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဂျပန်အစိုးရမှ PCR Test Kit များ၊ PPE ဝတ်စုံများ၊ Mask များနှင့် Surgical Gloves များ ပံ့ပိုးပေးသည့်အပြင် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများအတွက် အကူအညီ ဂျပန်ယန်း ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၁ သန်းခန့်) ကို ပေးအပ်ခဲ့ပြီး အဆိုပါ အကူအညီပေးရေး  ဆိုင်ရာ စာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန် သံအမတ်ကြီး Mr. MARUYAMA Ichiro တို့က ၅-၆-၂၀၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပါသည်။

၈။ ထို့ပြင် ဂျပန်နိုင်ငံအစိုးရမှ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများ ပံ့ပိုးပေးခြင်းအတွက် ဂျပန်ယန်း သန်း ၁၀၀၊ မန္တလေးမြို့ မြောက်ဘက်ခြမ်းဒေသများတွင် ကျုံးရေကို သန့်စင်သည့် စနစ်ဖြင့် ဖြန့်ဖြူးပေးဝေရေးအတွက် ဂျပန်ယန်း သန်း ၇၀၀ နှင့် ရန်ကုန်မြစ်အတွင်း ရေကြောင်း လမ်းညွှန် အထောက်အကူပြု အချက်ပြကိရိယာများ အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်ယန်း ၁၃၉၉ သန်းတို့ကို ပေးအပ်ခဲ့ပြီး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာများကို ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန်သံအမတ်ကြီး Mr. MARUYAMA Ichiro တို့က ၂-၇-၂၀၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပါသည်။

၉။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆု ပေးအပ်ရေးစီမံချက်အတွက် ဂျပန်ယန်း ၆၂၇ သန်း ပေးအပ်ခဲ့ပြီး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန်သံအမတ်ကြီး           Mr. MARUYAMA Ichiro တို့မှ ၆-၇-၂၀၂၀ ရက်နေ့တွင် လက်မှတ် ရေးထိုးလဲလှယ်ခဲ့ပါသည်။ 

    

ဂျပန်နိုင်ငံအစိုးရမှ ပေးအပ်သည့် ချေးငွေများ (ODA Loan)

၁၀။ မြန်မာနိုင်ငံ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်ယန်း ၈၀၀ ဘီလီယံအောက်မှ စီမံကိန်း ၁၇ ခု အတွက် ပေးအပ်သည့် ချေးငွေအပါအဝင် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ စုစုပေါင်းစီမံကိန်း ၃၂ ခုအတွက် ODA ချေးငွေ စုစုပေါင်း ဂျပန်ယန်း ၆၉၆.၈၄၀ ဘီလီယံကို ပေးအပ်ခဲ့ပါသည်။

၁၁။ Covid-19 ဖြစ်ပွားမှုကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားရေး နှင့် မြန်မာနိုင်ငံ ၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးအတွက် Emergency Program Loan အဖြစ် ဂျပန်ယန်း ၃၀ ဘီလီယံ ပေးအပ်မည်ဖြစ်ပါသည်။ အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်း ၍ ငွေတိုက်ဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုလွှတ်တော်မှ ၂၈-၅-၂၀၂၀ ရက်နေ့တွင် အတည်ပြုခဲ့ပြီးဖြစ်ပါသည်။


ဂျပန်နိုင်ငံ၏ နည်းပညာအကူအညီများ (Technical Assistance)

၁၂။ ဂျပန်နိုင်ငံအစိုးရ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Technical Cooperation Program)အောက်မှ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများအတွက် ကာလတို/ ကာလရှည် အကြံပေးပုဂ္ဂိုလ်များ (Advisors)၊ ကျွမ်းကျင်သူများ (Experts)၊ အကြီးတန်း လုပ်အားပေးများ (Senior Volunteers) နှင့် Japan Overseas Cooperation Volunteers (JOCV) ကို စေလွှတ်ပေးခြင်းဖြင့် စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများ၌ ဦးစားပေး ပံ့ပိုးပေးလျက်ရှိပါသည်။ 


လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပံ့ပိုးပေးမှုများ

၁၃ ။ ထို့ပြင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၌ ကျင်းပ သည့် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် သင်တန်းများသို့ မြန်မာနိုင်ငံမှ သင်တန်းသားများ တက်ရောက်နိုင်ရန် ဖိတ်ကြားလျက်ရှိပြီး ပညာသင်ဆုများ လည်း ပေးအပ်လျက်ရှိပါသည်။

၁၄။ ပညာသင်ဆုများအနေဖြင့် ဂျပန်နိုင်ငံ၊ JICA မှ ကာလတို၊ ကာလရှည်ပညာသင်ဆုများ (Long-term Training Course on Enhancement of Administrative Capacity နှင့် Knowledge Co-creation Programs – KCCP)၊ Japanese Government (Monbukagakusho: MEXT) Scholarship၊ Young Leaders’ Program (YLP) နှင့် The Project for Human Resource Development Scholarship (JDS) စသည့်ဆုများကို ပေးအပ်လျက်ရှိပါသည်။

၁၅။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဂျပန်နိုင်ငံတွင် ဖွင့်လှစ်ပို့ချသည့် ပညာသင်ဆု ၂၈၅၉ ဆု ကိုကမ်းလှမ်းခဲ့ပါသည်။