နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် တည်ထောင်ခဲ့ပါသည်။


နှစ်နိုင်ငံ အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း 

၂။ ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ သဘောတူစာချုပ်ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန (ယခင်အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့အကြား ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာဘက်မှ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးကော်မရှင်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဉီးဆောင်၍ ဖွဲ့စည်းထားကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၃။ အဆိုပါ ရုရှား-မြန်မာ ပူးတွဲကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ သြဂုတ် လတွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။


မြန်မာ-ရုရှား B2B Dialogue

၄။ မြန်မာ-ရုရှား ကဏ္ဍအလိုက် နှစ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော ဆွေးနွေးမှု အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံအမတ်ကြီးတို့ ဦးဆောင်ကျင်းပခဲ့ရာ နှစ်ဖက် ဦးစားပေး ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များဖြစ်သည့် ဘဏ်နှင့်အာမခံလုပ်ငန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ငါးလုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ သတ္တုကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စီးပွား‌ရေးလုပ်ငန်းရှင် စုစုပေါင်း (၁၈၅)ဦးတို့က Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ ပါသည်။