ကော်မရှင်သတင်းများ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်း တို့ သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ နှင့် စာချုပ်လဲလှယ်ပွဲ သို့ တက်ရောက်ကြပါသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံသမ္မတ တို့ ရှေ့မှောက်၌ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (၆) ခု လက်မှတ်ရေးထိုးရာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Ms. Kang Kyung-wha တို့က ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့ပေးမည့် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ပါသည်။