ကော်မရှင်သတင်းများ


နေပြည်တော်၊ ဇွန် ၁၈


      Coronavirus Disease COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာ ဒေသများမှ လည်းကောင်း အသီးသီး ပါဝင် ဆွေးနွေးကြပါသည်။


အစည်းအဝေးတွင်ဆောင်ရွက်ဆဲ လုပ်ငန်း (၆)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် အခြားကဏ္ဍ တို့မှ လုပ်ငန်းအသစ် (၉)ခု ကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၉၃.၃၈၉) သန်းနှင့် ကျပ် (၆၄,၃၄၁.၈၂၇) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၅၀၇) နေရာကို ဖန်တီးပေးနိုင် မည် ဖြစ်ပါသည်။


   

          ၂၀၂၀ ခုနှစ် မေလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၆၀%) ဖြင့် လည်း ကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၅၁%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၁၁%) ဖြင့် လည်းကောင်း ရင်းနှီး မြှုပ်နှံထားပါသည်။