ကော်မရှင်သတင်းများ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို ယနေ့ နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၄) ကြိမ်မြောက် အစည်းအဝေး တွင် အတည်ပြုခွင့်ပြုခဲ့ပြီး ယင်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သား ၄၂၆၈ ဦး အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကန်ဒေါ်လာ ၁၀ ဒသမ ၆၅၅ သန်းဖြစ်

အဆိုပါခွင့်ပြုခြင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်းပမာဏမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၆၅၅ သန်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဩဂုတ် ၂၈ ရက်အထိ စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဆေးရှဲလ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနှင့် မလေးရှားတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၂ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၉ ဒသမ ၃၀၄ သန်းနှင့် မြန်မာကျပ်ငွေကျပ် ၃၅၆၅၃ ဒသမ ၉၆၆ သန်းဖြစ်ကြောင်း၊ လုပ်သား ၈၂၆၁၀ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လိုသူ များအနေဖြင့် မတည်ငွေရင်းပမာဏ အမေရိကန် ဒေါ်လာငါးသန်းမှ ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်လွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဖုန်း-၉၅-၀၁-၆၅၈၂၆၃ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင် ကြောင်း သိရသည်။

ယနေ့အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ရင်းနှီး မြှုပ်နှံမှုတိုးမြင့်လာရေးအတွက် ဆောင်ရွက်ကြမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ကြသည်။