ကော်မရှင်သတင်းများ

ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်သား ၁၈၀၀၀၀ ကျော် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ခွင့်ပြုမိန့်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၁၇၁ ခုမှ ပြည်တွင်းလုပ်သား ၁၈၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း၊ ယခင်ခွင့်ပြုပြီး လုပ်ငန်းများ မှလည်း လုပ်သားအင်အား တိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလုပ်သား ၄၀ ကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၏ စာရင်းများအရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ခွင့်ပြုမိန့်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၂၈၂ ခုမှ ပြည်တွင်းလုပ်သား ၁၅၀၀၀၀ ခန့်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ ယခင်ခွင့်ပြုပြီး လုပ်ငန်းများ မှလည်း လုပ်သားအင်အားတိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလုပ်သား ၁၆၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်း လုပ်သားများကို အလုပ် အကိုင် ဖန်တီးပေးနိုင်သကဲ့သို့ ပြည်ပလုပ်သား ၅၀၀၀ ကျော်ကိုလည်း အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၁ ခုမှ အမေရိကန်ဒေါ်လာ ၃၇၉ ဒသမ ၆၅၈ သန်း အပါအဝင် ကျပ်သန်းပေါင်း ၁၄၃၂၃၇၁ ဒသမ ၀၃၁ သန်းရရှိထားပြီး ယခင်လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၇၃ ဒသမ ၂၉၅ သန်းအပါအဝင် ကျပ်သန်းပေါင်း ၁၆၉၄၅၆၈ ဒသမ ၀၈၀ သန်း ရရှိထား ကြောင်းသိရသည်။

အလားတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၈၂ ခုမှ အမေရိကန်ဒေါ်လာ ၂၇၆၄ ဒသမ ၁၂၈ သန်း ရရှိထားပြီး ယခင်လုပ်ငန်းများမှ  ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁၅၈ ဒသမ ၄၇၄ သန်းရရှိထားကြောင်း၊ ထို့ပြင် အထူးစီးပွားရေးဇုန် ဉပဒေ အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၂ ဒသမ၂၈၀ သန်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှ  အမေရိကန်ဒေါ်လာ ၄၅၂၀ ဒသမ ၇၅၄ သန်းဖြစ်ကြောင်း သိရသည်။