ကော်မရှင်သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှန်ဂရီလာ ဟိုတယ်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် “၅၁ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ”သို့ တက်ရောက်လျက်ရှိသည်။

၅၁ ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များဖွင့်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဂျူရင်လက်စနာဝစ် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ “ကမ္ဘာ့ကုန်သွယ်ရေးတွင်  စိန်ခေါ်မှု များရှိနေသည့် ယခုလိုအချိန်အခါမျိုး၌ အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံ ဒေသတွင်းအပြင် အခြားနိုင်ငံများနှင့် စီးပွားရေးအရချိတ်ဆက်မှုများကို တိုးမြှင့်ထူထောင် လုပ်ဆောင်ရန် လိုအပ်လျှက်ရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) လွတ်လပ်သော ကုန်သွယ်မှုဒေသ ဆွေးနွေးညှိနှိုင်းမှုများကို ယခုနှစ်အတွင်း ပြီးစီးအောင် ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်မှသာ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မည့် ကုန်သွယ်မှု စနစ်ကို ထူထောင်နိုင်မှာဖြစ်ပြီး မိမိတို့ဆွေးနွေးဖက်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ ၏ယုံကြည်မှုကို ရရှိ မှာ ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါသည်။ 

ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေး မှူးချုပ်၊  ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၃၃ ကြိမ်မြောက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီအစည်းအဝေး၊ ၂၂ ကြိမ်မြောက်အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ အစည်းအဝေး၊ ၅၁ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီနှင့် စီးပွားရေးဝန်ကြီးများ တွေ့ဆုံ ညှိနှိုင်းပွဲများသို့ တက်ရောက်ခဲ့ကြသည်။  

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသွားမည့် ၇ ကြိမ်မြောက် RCEP ဝန်ကြီးများညှိနှိုင်း အစည်းအဝေးသို့ ဆက်လက်တက်ရောက်သွားမည်ဖြစ်ပြီး ၂၅ ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ ၁၈ ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ ၃ ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ ၂၄ ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန် စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ ၁၆ ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့် အမေရိကန် ကုန်သွယ်ရေး ကော်မရှင်နာ အစည်းအဝေးတို့သို့လည်း ပါဝင် တက်ရောက်၍ ဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ရုရှား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်စင်အိုရှက်ရှ်ကင် နှင့်လည်းကောင်း၊ မြန်မာ-အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် အမေရိကန် ကုန်သွယ်ရေး ဒုတိယကော်မရှင်နာ ဂျက်ဖရီဂဲရစ် နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ရန် စီစဉ်ထားရှိကြောင်းသိရသည်။