ရင်းနှီးမြှုပ်နှံမှုပြပွဲ

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ( Myanmar Convention Center-MCC) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြပွဲသည် ချင်းပြည်နယ် အတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်၊ အလားအလာရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုကို ဖန်တီးနိုင်ရန်နှင့် ချင်းပြည်နယ်၏ စီးပွားရေး ပိုမိုတိုးမြှင့်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက် ဆွေးနွေးခြင်းများ၊ ဒေသထွက်ကုန် များပြသခြင်း စသည့် အစီအစဉ်များ ပါဝင်ပါသည်။   

    ပြပွဲကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တို့ပူးပေါင်း၍ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ဓနအဖွဲ့ အစည်း (DaNa Facility)နှင့် VDB Loi Co., Ltd. တို့၏ ပါဝင် ကူညီမှုတို့ဖြင့် ကျင်းပခဲ့ ပါသည်။     

    အဆိုပါ ပြပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ စုစုပေါင်း(၈၀၀)ကျော် တက်ရောက်ခဲ့ ကြပါသည်။   

    ဖွင့်ပွဲအခမ်းအနား မစတင်မီ ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီးနောက် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တို့မှ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေမှ အဖွင့်အမှာ စကားပြောကြားရာတွင် “ ချင်းပြည်နယ်သည် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်အတွက် လမ်းဖွင့်ထားသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ ကွဲပြားခြားနား သော ပတ်ဝန်းကျင်ဖြစ်သည့် ရိုးရာယက်ကန်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ရေအားလျှပ်စစ်နှင့် အခြေခံအဆောက်အအုံလုပ်ငန်း စသည့် အသေးစား စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအထိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း မြောက်များစွာရှိသည့်အတွက် ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံ ကြရန် တိုက်တွန်း ပါကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယသမ္မတသည် တက်ရောက် လာကြသည့် ဧည်သည်တော်များနှင့်အတူ ပြပွဲတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။   

    ယင်းနောက် အခမ်းအနားအား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် Dr. Gail Marzetti, Head of UK Department for International Development (DFID) Myanmar တို့မှ အမှာစကားအသီးသီးပြောကြား ခဲ့ပါသည်။  

    ဆက်လက်၍ ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် မှ လည်းကောင်း၊ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း မှ ချင်းပြည်နယ်၏ စိုက်ပျိုးရေးနှင့် မွေးမြူ‌ရေး ဆိုင်ရာအခွင့်အလမ်းများကိုလည်းကောင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍ တို့မှ အခြေခံအဆောက်အုံများ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လာရေး၊ လျှပ်စစ်စွမ်းအားရရှိမှု၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှု လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ စသည့်   ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Saurabh Kumar၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် တာဝန်ရှိသူများမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးခွန်းများအား ပြန်လည်ဖြေကြားပေးခဲ့ ကြပါသည်။

    မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်း လုပ်ငန်းရှင်များ (၂၀၀) ဦးခန့်ပါဝင်သည့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များမှ  မိမိတို့ စိတ်ပါဝင်စားမှု ကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြပါသည်။

    ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၏ ဒေသ ထွက်ကုန်ပစ္စည်းများနှင့် ချင်းရိုးရာ ဓလေ့ထုံးစံများကို ပြခန်းအသီးသီးတွင် ဆက်လက်၍ ခင်းကျင်းပြသခဲ့ပါသည်။