၀န်ကြီးဌာနသတင်းများ


နေပြည်တော် ၊၂၀၂၂ ခုနှစ် ၊ မတ်လ ၂ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာ နိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်ဖြစ်သူ ဦးသန်းအောင်ကျော်သည် ၂၀၂၂ ခုနှစ် ၊ မတ်လ ၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၄၁)ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (41st Meeting of the High-level Task Force on ASEAN Economic Integration -HLTF-EI ) အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင်သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာန၊ဝန်ကြီး၏နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာအထူးအကြံပေးဖြစ်သူ Mr. Rizal Affandi Lukman ကဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အဆိုပါ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေး လုပ်ငန်းများ၊ အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည် ဖော်မှု၏ တိုးတက်မှုအခြေအနေများ၊  စတုတ္ထစက်မှုအသွင်ပြောင်းလဲမှုဆိုင်ရာ ပေါင်းစည်းမှု မဟာဗျူဟာ အကောင်အထည်ဖော်မှုကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးပေါင်းစည်းမှု အရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် ဘန်ဒါဆီရီဘီဂါဝန်လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ကိစ္စရပ်များနှင့် အာဆီယံ၏ လက်ရှိဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အပေါ် ပိုမိုခိုင်မာ ကျယ်ပြန့်အောင် ဆောင်ရွက်ရေးလုပ်ငန်းစဉ်များ၊   ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေသည့် ရေရှည်တည်တံ့သော စီးပွားရေးမူဘောင် အကောင်အထည်ဖော်မှု အခြေအနေ၊ ကာဗွန်လျော့ချရေးဆိုင်ရာ အာဆီယံမဟာဗျုဟာရေးဆွဲရေးအတွက် သဘောတရား စာတမ်း အပေါ် အမြင်ချင်းဖလှယ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အစည်းအဝေး၌   ၂၀၂၅ အလွန်အာဆီယံ မျှော်မှန်းချက် ရေးဆွဲဆောင်ရွက်မှု အခြေအနေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြ မြေပုံ ၂၀၂၅ ကာလယ်သုံးသပ်ချက်အရ  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊  အာဆီယံ၏ ကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့်  (၂၈) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများသီးသန့် အစည်းအဝေးသို့ တင်ပြမည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာ တို့ကို လည်း ဆွေးနွေးကြသည်။
ဒုတိယဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့်စီးပွားရေးဆိုင်ရာဦးစားပေး လုပ်ငန်းများမှာ အာဆီယံနိုင်ငံ အားလုံး အတွက် လက်ရှိနှင့် အနာဂတ် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်တွေ့ အသုံးချနိုင်မည်ဖြစ်၍  အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှုတွင် မြန်မာနိုင် ငံ အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အခြေအနေနှင့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေသည့် ရေရှည်တည်တံ့သော စီးပွားရေးမူဘောင် အကောင်အထည်ဖော်မှုတွင် အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ထည့်သွင်းစဉ်းစား၍ လက်လှမ်းမီပြီး လက်တွေ့ဆောင်ရွက်နိုင်မည့်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံအဆင့်မြင့်စီးပွား‌အရာရှိ ဒေါက်တာဝါဝါမောင်နှင့် အဆင့်မြင့် အရာရှိများ တက်ရောက်ကြသည်။
အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံ၏ စီးပွားရေးပေါင်းစည်းမှုကို ပိုမိုတိုးမြှင့်နိုင်မည့်ကိစ္စရပ်များ၊ အာဆီယံတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်သစ်များနှင့် လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့် စီးပွားရေးပေါင်းစည်းမှု လုပ်ငန်းစဉ်များ၏ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေးဝန်ကြီးများထံ အကြံပြုချက်များတင်ပြခြင်းနှင့် အာဆီယံအသိုက်အဝန်း၏၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရာတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအနေဖြင့် ဆောင်ရွက်သင့်သည်များကို အာဆီယံစီးပွားရေးမဏ္ဍိုင်၏ အကြံပေးအဖွဲ့အဖြစ်ဆောင်ရွက်လျက်ရှိသည်။