၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဩဂုတ်လ ၇ ရက်

မြန်မာနိုင်ငံက ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် COVID-19 Economic Relief Plan (CERP) ကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းက အကောင်အထည်ဖော်မည့် COVID-19 အပေါ် လူမှု-စီးပွားဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုအတွက် ကုလသမဂ္ဂမူဘောင် (UN Framework for the immediate socio-economic response to COVID-19 in Myanmar (UN-SERF) အား အကောင်အထည် ဖော်ရေးနှင့် ပြင်ဆင်ရေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ() ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဆက်အောင်ဦးမင်းရဲပိုင်ဟိန်း၊ ဦးဗရတ်ဆင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးက ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက UN Country Team က ရေးဆွဲထားသော COVID-19 ဆိုင်ရာ လူမှု-စီးပွားဆိုင်ရာတုံ့ပြန် ဆောင်ရွက်မှုအတွက် ကုလသမဂ္ဂ မူဘောင်(UN Framework for the immediate socio-economic response to COVID-19 in Myanmar (UN-SERF) သည် နိုင်ငံတော်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် COVID-19 Economic Relief Plan (CERP) ကို ပံ့ပိုးပေးနိုင်သည့် မူဘောင်ဖြစ်ပြီး လက်ရှိ ကြုံတွေ့နေရသည့် COVID-19 ကူးစက်မြန်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး Ms. June Kunugi က နှုတ်ခွန်းဆက်စကား ပြောကြားပြီး UNDP မှ Officer-In-Charge & Deputy Resident Representative ဖြစ်သူက ရှင်းလင်းတင်ပြရာတွင် UN-SERF သည် မြန်မာနိုင်ငံ၏ COVID-19 Economic Relief Plan (CERP) ကို အထောက်အပံ့ဖြစ်စေပြီး Myanmar Sustainable Development  Plan (MSDP) နှင့် United Nations Sustainable Development Cooperation Framework (UNSDCF) တို့နှင့် ကိုက်ညီမှုရှိကြောင်း၊ နောင်လာမည့် ၁၈ လ ကာလအတွင်း အမေရိကန် ဒေါ်လာ ၃၈၇ သန်းခန့်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ UN-SERF တွင် မဏ္ဍိုင် ၅ ရပ် ပါဝင်  ပြီး ကျန်းမာရေးသည်ပထမ (Health First)၊ ပြည်သူများအား ကာကွယ်စောင့်ရှောက်ခြင်း (Protecting People) ၊ စီးပွားရေး နလန်ထူခြင်း (Economic Recovery) ၊ မေခရိုစီးပွားရေး ဆိုင်ရာတုံ့ပြန်ဆောင်ရွက်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Macroeconomic Response And Multilateral Collaboration)နှင့် လူမှုရေးပေါင်းစည်းမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ဒဏ်ခံနိုင်မှု (Social Cohesion And Community resilience) တို့ဖြစ်ကြောင်း၊ အဆိုပါ မဏ္ဍိုင် ၅ ရပ်တွင် ကျားမတန်းတူ ညီမျှရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကိုပါ တစ်ပြိုင်တည်းအနေဖြင့် ကဏ္ဍတိုင်း၌ ပါဝင် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့(CPG)ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်း(CSO)များမှ ကိုယ်စားလှယ်များ   တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (Myanmar Development Assistance Policy)ကို ပြုပြင်ရေးဆွဲ ဆောင်ရွက်နေမှု အခြေအနေနှင့် မဟာဗျူဟာမြောက် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှု အဖွဲ့များ ပြန်လည် ဖွဲ့စည်းမှု (Strategic Coordination Group Restructuring) အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ဖွံ့ဖြိုးမှု အကူအညီများဆိုင်ရာမူဝါဒ ပြင်ဆင် ရေးဆွဲရေး ဆောင်ရွက်နေမှုအပေါ် သိရှိလိုသည်များကို မေးမြန်းရာ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဦးမင်းရဲပိုင်ဟိန်းတို့က ရှင်းလင်းပြောကြားသည်။