ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့ ဦးဆောင်သော အဖွဲ့သည် ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက မြန်မာလေကြောင်းဖြင့် ရောက်ရှိကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သူဌေးကျွန်းရှိ Marina Bay ပြုလုပ်မည့် နေရာကို မော်တော်ဘုတ်များဖြင့် ကြည့်ရှုလေ့လာ ကြသည်။
မွန်းလွဲပိုင်းတွင် သူဌေးကျွန်းဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၂/၂၀၁၉) အစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု ဒေသသည် ကျွန်းပေါင်းများစွာ ကမ်းခြေပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး ပင်လယ်ပြင်ကျွန်း ခရီးသွား လုပ်ငန်းများ၊ နေ့ချင်းပြန် ခရီးသွားလုပ်ငန်းများ၊ အပျော်စီးသင်္ဘော ခရီးစဉ်များ စသည့် ပင်လယ်ပြင်ကို အခြေပြုသော ခရီးသွားလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသဖြင့် နှစ်စဉ်ခရီးသွားရောက်ရှိမှုတွင်လည်း တိုးတက် လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ခရီးသွားလုပ်ငန်း (Sustainable Tourism) အဖြစ် ဖော်ဆောင်သွားရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်သယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ကျွန်းများပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ရာ၌ သဘာဝကို မပျက်စီးစေသော Ecolodge ပုံစံ အဆောက်အဦ များကို ဆောက်လုပ်သင့်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေများထဲမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်နုတ်သုံးစွဲသွားရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ သဘာဝလှပပုံများအကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ လူ့သက်တမ်းအတွင်း လှည့်လည်လည်ပတ်သင့်သည့်နေရာများတွင် မြန်မာနိုင်ငံသည် အပါအဝင်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ခရီးသွား လုပ်ငန်းကဏ္ဍပါဝင်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော် နှင့် ပြည်သူ အကျိုးရှိမည့် သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှု အနည်းဆုံးဖြစ်မည့် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ရန် လိုအပ်ကြောင်း၊ သင်္ဘောများကို ခရီးသွားရာသီတွင် အသုံးပြုပြီး ရာသီပိတ်သိမ်းချိန်တွင် လုံခြုံစွာသိမ်းဆည်းထားနိုင်ရန် (Marina Bay) ထားရှိခြင်းဖြင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာနိုင်ပြီး နိုင်ငံဝင်ငွေပိုမို တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
ပုလဲမွေးမြူရေးလုပ်ငန်းသည်လည်း မြန်မာ့ရေမြေနှင့် အပူချိန် ကိုက်ညီသည့်အတွက် ဝင်ငွေကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပုလဲလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ငါးလုပ်ငန်းတို့သည် စနစ်တကျ သဟဇာတဖြစ်နေရန် လိုအပ်ကြောင်း၊ ပြည်ဝင်ခွင့်ဗီဇာကို လွယ်ကူအောင်ဖြေလျှော့ပေးခြင်းဖြင့် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာခြင်း၊ နိုင်ငံခြားငွေ ပိုမိုရရှိလာနိုင်ခြင်းနှင့် လေယာဉ်ကြီးများ တက်ဆင်းနိုင်ရန် လေဆိပ်များ ပြင်ဆင်ခြင်း ဖြင့် Tourism များ တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံလိုသူများသည် ကမ်းရိုးတန်းတစ်လျှောက် ရှိ ကျွန်းများကို အာရုံစိုက်လာကြကြောင်း၊ တနင်္သာရီတိုင်းအတွင်း၌ ကော့သောင်းဒေသ ခရီးသွား ဧည့်သည်များ ဝင်ထွက်သွားလာမှုသည် ပိုမိုများပြားကြောင်း၊ ထို့အတူ ပုလဲလုပ်ငန်းဇုန်၊ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဇုန်၊ ငါးလုပ်ငန်းဇုန်ဟူ၍ ဇုန်များခွဲခြားသတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ အခြားနိုင်ငံမှခိုးဝင် Speed Boat များဝင်ရောက်မှုကို ပူးပေါင်းတားဆီး၍ ဒေသခံများ၏ လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရပ်ရွာ လူထုအခြေပြုခရီးသွား လုပ်ငန်း (CBT) နှင့် ခရီးသွား ရင်းနှီးမြှုပ်နှံတိုးတက်မှုသည် ပင်လယ်ပြင် မှာ သာမက မြို့ပေါ်၌ပါ ရင်းနှီးမြှုပ်နှံလာစေရန် တိုက်တွန်း ပံ့ပိုးပေးစေခြင်းဖြင့် ဒေသခံလူထုအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်လာ စေလိုကြောင်းနှင့် လိုင်စင်သက်တမ်းတိုး၊ ဟိုတယ်ဆောက်လုပ်ခြင်း လုပ်ငန်းများ ကို ယခင်ကလို နေပြည်တော် ရုံးများအထိ သွားရောက်ရန် မလိုတော့ဘဲ တိုင်းဒေသကြီးအတွင်း၌ပင် ပြီးမြောက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေး က (၁/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်မှုများအကြောင်း၊ ခရီးလှည့်လည်ရေး လုပ်ငန်း လိုင်စင်အသစ် လျှောက်ထားမှုများ၊ ဟိုတယ်အခန်းတိုးနှင့် လုပ်ငန်း လိုင်စင်သက်တမ်းတိုး၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်သက်တမ်း တိုး လျှောက်ထားမှုများ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် သက်တမ်း တိုးလျှောက်ထားမှုများ၊ တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ Logo အား အတည်ပြုရန်ကိစ္စ၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီဝင်(၃)ဦးတို့အား ဗီယက်နမ်နိုင်ငံ Can Tho မြို့၌ ကျင်းပမည့် Southern Tourism Corridor Cooperation အစည်းအဝေးသို့ တက်ရောက်ရန် ရွေးချယ်ထားမှုအား အတည်ပြုရန် ကိစ္စရပ် များကို တင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။