မိန့်ခွန်းများ



(၂၀ - ၁၂ -၂၀၂၀)

၁။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ၏ ၂၉ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်း အဝေးကို တက်ရောက်လာကြတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ အသင်းချုပ်ဉက္ကဋ္ဌ ဉီးဇော်မင်းဝင်းနှင့် ဗဟိုအမှုဆောင်များ၊ အသင်းသူ အသင်းသားများနှင့် အစည်းအဝေး တက်ရောက်သူ အားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

၂။  ယနေ့အချိန်မှာ ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံမှလည်း ဒီအဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ နိုင်ငံတော် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးတဲ့အခန်း ကဏ္ဍက ပါဝင်နေပါတယ်။ COVID-19 ကပ်ရောဂါ ကြောင့် ဖြစ်ပေါ်နိုင်တဲ့ စီးပွားရေး သက်ရောက်မှု အပေါ် ကုစားရေးလုပ်ငန်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းကို ကျေးဇူးတင်ရှိကြောင်း ဉီးစွာပြောကြားလို ပါတယ်။

၃။                မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တံ့သွားခြင်း မရှိအောင် နိုင်ငံတော်ကနေ ကုစားရေးလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 ကြောင့်ဖြစ်ပေါ် လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးအတွက် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ကော်မတီကို အထောက်အကူပြုနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force) ကိုလည်း ဖွဲ့ထားပါတယ်။ ဒီအဖွဲ့မှာ UMFCCI က အဓိကအပိုင်းက ပါဝင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ခံရတဲ့ လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်က ချေးငွေ ကျပ် ဘီလီယံ ၂၀၀ မတည်ကာ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိပါတယ်။ ယနေ့ချိန်အထိ လုပ်ငန်းပေါင်း ၆,၃၃၃ ခု သို့ ချေးငွေ ကျပ် ၁၆၆.၅၉၆၃ ဘီလီယံ ထုတ်ချေးပေးပြီး ဖြစ်ပါတယ်။ အဲ့ဒီလို ချေးငွေထုတ်ပေးရေးကို စိစစ်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ UMFCCI က တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် ပေးနေတဲ့အတွက် မိမိအနေနဲ့ ကျေးဇူးတင်ရှိကြောင်း ထပ်လောင်း ပြောကြားလို ပါတယ်။

      ယနေ့အစည်းအဝေးမှာ ကျွန်တော်အနေနဲ့ အချက် ၂ ချက်ကို အဓိကထား ပြောကြား လိုပါတယ်။ (၁) COVID-19 ကပ်ရောဂါကာလနဲ့ နောက်ပိုင်းကာလတွေမှာ မြန်မာ့စီးပွားရေး နလန်ထူနိုင်ရုံသာမက ပိုမိုဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ (၂) အစိုးရနဲ့ပုဂ္ဂလိက တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

      COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေးနှင့် ပတ်သက်လို့ စိန်ခေါ်မှုများ ရှိခဲ့ပေမယ့် မိမိတို့နိုင်ငံအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅. ဘီလီယံနီးပါး ရှိခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း စိုက်ပျိုးရေး၊ လျှပ်စစ်၊ စက်မှုဇုန်စတဲ့ ကဏ္ဍများမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်မယ့် အလားအလာ ကောင်းများရှိနေပါကြောင်း အသိပေးပြောကြား လိုပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ရေမြင့်ရင်ကြာတင့် ဆိုသကဲ့သို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

      ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာစေဖို့အတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင် ကောင်းများ ဖန်တီးပေးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ဖန်တီးပေးရာမှာ   စက်မှုဇုန်၊ ဆိပ်ကမ်း၊ လမ်း၊ တံတား စတာတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်ဟာ အောင်မြင်မှု ရရှိနေပြီး သာဓကကောင်း အနေနဲ့တွေ့မြင်နိုင်ပါတယ်။ လားတူ စီမံကိန်းများ ကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပထမဆုံးစီမံကိန်းအဖြစ် Korea-Myanmar Industrial Complex (KMIC) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင် တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံမှ AMATA Smart and Eco City နဲ့  မြန်မာနဲ့ စင်္ကာပူတို့ ဖက်စပ် ဆောင်ရွက်မယ့် Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

      လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ဓာတ်အား ကဏ္ဍဟာ အခြေခံ ကျပါတယ်။ ဒါ့ကြောင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် နိုင်ငံတော်က စီမံကိန်းများ ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝဓာတ်ငွေ့ LNG နဲ့ ရေအားတို့မှ သာမက နေရောင်ခြည် သုံး လျှပ်စစ်ဓာတ်အား အပါအဝင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တို့မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

      နိုင်ငံရဲ့ စီးပွားရေးဝန်းကျင်ကောင်းမွန်စေဖို့နဲ့ COVID-19 ကပ်ရောဂါ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေဖို့အတွက်လည်း မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့်အညီ စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

      ဒါ့အပြင် COVID-19 ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှု များကို ကုစားနိုင်ရန်အတွက် ထုတ်ပြန်ခဲ့တဲ့ COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (CERP)အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို စိစစ်ပြီး ခွင့်ပြုမိန့်များကို မြန်ဆန်စွာ ထုတ်ပေးနိုင်ရေး အတွက် Online Meeting များကျင်းပ  ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်နိုင်ရန် အတွက်လည်း Online Investment Seminar များကို ကျင်းပပြုလုပ်လျက်ရှိပါတယ်။

၁၀။    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများ ကုန်ကျစရိတ် သက်သာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် လျှောက်ထားသူများ အတွက် ဝန်ဆောင်စရိတ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်၍ ၅၀ ရာခိုင်နှုန်း လျှော့ချပေး ခဲ့ပါတယ်။

၁၁။    မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပေါင်း (၁၅) နိုင်ငံပါဝင်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် (RCEP)မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ RCEP ဟာ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာ့ကုန်သွယ်မှု ပမာဏရဲ့ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုတာကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူ စာချုပ်ဖြစ်ပါတယ်။ စာချုပ်ဝင်နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်မှာ မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းကောင်းများကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မိမိတို့နိုင်ငံရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ မထိခိုက်စေရေး အတွက်လည်း RCEP သဘောတူစာချုပ်ကို ညှိနှိုင်းဆွေးနွေးရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့က အထူးဂရုပြု ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွက် အသွင်ကူး ပြောင်းရေး ကာလကို ၃နှစ် မှ ၁၅ နှစ်အထိ အထူးအခွင့်အရေး Special and Differential Treatment ကို ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများကတစ်ဆင့် ပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးမြင့်လာစေမှာဖြစ်ပါတယ်။

     ကမ္ဘာ့ဘဏ်က ယခင်အပတ် သတင်းထုတ်ပြန်ချက်မှာ COVID-19 ကပ်ရောဂါ ကြောင့် နိုင်ငံအသီးသီးမှာ စီးပွားရေးထိခိုက်မှု ရှိနေသော်လည်း အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံဟာ အခြေအနေကောင်း တစ်ခုကို ထိန်းထားနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်မှာ စီးပွားရေး တဖြည်းဖြည်း ပြန်လည်နလန်ထူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ADB ရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ ယခုနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၁.၈ ရာခိုင်နှုန်းသာရှိပေမယ့် ၂၀၂၁ ခုနှစ်မှာ ၆ ရာခိုင်နှုန်း ရရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။

၁၃။    COVID-19 ကပ်ရောဂါ အလွန်ကာလမှာ စီးပွားရေး လုပ်ငန်းများ ပြန်လည်ဉီးမော့လာပြီး ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးကို အထောက်အကူ ပြုနိုင်မယ့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးရာမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မယ်လို ယုံကြည်ပါတယ်။

၁၄။    နိဂုံးချုပ်အနေနဲ့  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ၂၉ နှစ်မြောက် နှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာအထိ ပြည်သူ လူထု၏ လူမှုစီးပွား အကျိုးနှစ်ဖြာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆထက်ထမ်းပိုး ဆက်လက်ပံ့ပိုး နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

          အားလုံးကို ကျေးဇူးတင်ပါတယ်။